Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ် ၅ လအတွင်းယာဉ်မတော်တဆမှု သေဆုံးသူ ၁၅၀ ဦးခန့်ရှိ

မွန်ပြည်နယ် ၅ လအတွင်းယာဉ်မတော်တဆမှု သေဆုံးသူ ၁၅၀ ဦးခန့်ရှိ

-

မွန်ပြည်နယ်တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ မေလထိ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁၅၀ ဦးခန့်ထိ ရှိသည်ဟု အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံး (မွန်) ရှိ စာရင်းအရ သိရသည်။

ပြည်နယ်တစ်ခုလုံးတွင် ယာဉ်မတော်တဆမှု ၄၁၆ မှုဖြစ်ပွားခဲ့ပြီး အဆိုပါယာဉ်မတော်တဆမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၇၀၄ ဦးရှိကာ သေဆုံးသူ ၁၅၀ ဦးရှိသည်။

ရပ်ထားသည်ကားကိုဆိုင်ကယ်ဝင်တိုက် ပွဲချင်းပီးသေ-(မေလ) အဘော်ရွာ၊ ရေးမြို့နယ် (Facebook)

“ယာဉ်မောင်းတွေက ယာဉ်စည်းကမ်းလိုက်နာမှုမရှိရင် တနေ့နဲ့တနေ့ ယာဉ်တိုက်မှုက တိုးလာမှာပဲ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို တစ်ဦးချင်းစီ လိုက်နာကျင့်သုံးမှ ယာဉ်တိုက်မှုလျော့နည်းလာမယ်” ဟု အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံး (မွန်) မှ ဒုရဲမှူး (ဦးစီး) ဌေးဆွေက ပြောသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်ထဲတွင် ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင် ယာဉ်မတော်တဆမှု အများဆုံး ဖြစ်ပွားခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။

ဆိုင်ကယ်ဦးထုတ်မဆောင်းခြင်း၊ အရက်သေစာ သောက်စားပြီး မောင်းနှင်ခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများလိုက်နာမှု မရှိခြင်း၊ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းနှင်ခြင်းတို့ကြောင့် သေဆုံးသူ ပိုများလာကြောင်း ဒုရဲမှူးဌေးဆွေက ပြောသည်။

ယာဉ်မတော်တဆမှု လျော့နည်းလာစေရန် မြို့နယ်အလိုက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သော ဟောပြောပွဲများပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များ ဝေငှာခြင်းအပြင် နှစ်အလိုက် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည့် ဇယားများကိုလည်း မြို့နယ်အလိုက် လူသွားလူလာများသည့်နေရာတွင် စိုက်ထူထားခြင်းလုပ်ငန်းများလည်း ပြုလုပ်နေသည်ဟု မော်လမြိုင်ခရိုင် ယာဉ်ထိန်းရုံးမှ သတင်းထုတ်ပြန်ထားသည်။

မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်တွင် ယာဉ်မတော်တဆမှု ၇၉၄ မှုရှိကာ သေဆုံးသူ ၃၁၇ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၂၈၉ ဦး၊ ၂၀၁၅ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၆၅၀ မှုရှိခဲ့ပြီး သေဆုံးသူ ၂၆၆ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၁၁၀၂ ဦး ရှိခဲ့သည်ဟု အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံး (မွန်) မှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts