Homeသတင်းငြိမ်းချမ်းရေး နောက်ဆုတ်ခြင်းမရှိသေးဟု စိုင်းကျော်ညွန့်ပြော

ငြိမ်းချမ်းရေး နောက်ဆုတ်ခြင်းမရှိသေးဟု စိုင်းကျော်ညွန့်ပြော

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ကျင်းပခဲ့သော ဖက်ဒရယ်စနစ်၊ နိုင်ငံရေးဖြစ်စဉ်နှင့် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေး နှီးနှောဖလှယ်ပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့အတွင်းရေးမှူး စိုင်းကျော်ညွန့်က လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းများ နောက်ဆုတ်ခြင်းမရှိသေးဟု ပြောသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲကို မော်လမြိုင်မြို့ ရာမညဟိုတယ်၌ ဧပြီလ ၆ ရက်နေ့တွင်ကျင်းပခဲ့ရာ မွန်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၃၀ဝ ကျော် တက်ရောက်ခဲ့စဉ် အမေးအဖြေနှင့် ပြန်လည်ဆွေးနွေးခြင်းကဏ္ဍတွင် ယင်းသို့ဖြေကြားခြင်း ဖြစ်သည်။

နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေး နှီးနှောဖလှယ်ပွဲ(BNA)

“ကျနော်တို့ ငြိမ်းချမ်းရေးဟာ ဘယ်နေရာရောက်နေသလဲပေါ့၊ ရှေ့တိုးသွားသလား နောက်ဆုတ်သွားသလား၊ ၁၀ဝ% ရာခိုင်နှုန်းရောက်အောင် ဘယ်အချိန်အထိသွားရမလဲပေါ့၊ ပြောရရင် ကျနော်တို့ငြိမ်းချမ်းရေးဟာ နောက်မဆုတ်သွားပါဘူး၊ လောလောဆယ် ဆက်သွားနေတယ်၊ ရှေ့တစ်လှမ်းဆက်သွားဖို့ကို နည်းနည်းခက်နေတဲ့သဘော” ဟု စိုင်းကျော်ညွန့်က ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(ဒုတိယအစည်းအဝေး) ကျင်းပမည့်ရက် မသတ်မှတ်နိုင်သေးခြင်း၊ ကျန်ရှိသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်မရေးထိုးရသေးသည့်အနေအထားများအပေါ် တက်ရောက်သူတစ်ဦး မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“ဒါပေမယ့် ရှေ့ဆက်တိုးနိုင်ဖို့ ခြေလှမ်းတွေက ရှိပါတယ်၊ UNFC ကလည်း NCA အတိုင်းဆက်သွားဖို့ သူတို့ဆုံးဖြတ်ထားပြီးဆိုတာ ကျနော်တို့သိရပါတယ်၊ ဒီအပေါ်မှာ စေ့စပ်ညှိနှိုင်းနိုင်မယ်ဆိုရင်ဖြင့် နောက်တစ်လှမ်းပြီးတစ်လှမ်း ဆက်သွားနိုင်မှာ ဖြစ်တယ်” ဟု စိုင်းကျော်ညွန့်က ဆက်ပြောသည်။

တဖက်တွင်လည်း NCA လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် အစိုးရနှင့် NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက်သော်လည်းကောင်း၊ မကြာမီကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဝင်များအားလုံး တန်းတူရည်တူဂုဏ်သိက္ခာရှိစွာဖြင့် ပါဝင်တက်ရောက်နိုင်ရေးအတွက် သော်လည်းကောင်း ဧပြီလ ၉ ရက်နေ့စွဲဖြင့် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို UNFC အဖွဲ့ဝင် ၇ ဖွဲ့နှင့် NCA လက်မှတ်ရေးထိုးပြီး ၇ ဖွဲ့(KNU မပါဝင်) တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဧပြီလ ၈- ၉ ရက်နေ့တွင် ကျင်းပခဲ့အပြီး ကြေညာချက်ထုတ်ပြန်ခြင်း ဖြစ်သည်။

NCA လက်မှတ်ရေးထိုးရန် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၏ အဆိုပြုချက် ၉ ချက်ကို အစိုးရဘက်က မူအားဖြင့်သဘောတူထားပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts