Homeသတင်းဖမ်းဆီးထားသည့်တရားမဝင်သစ်များ ပြန်လည်ရောင်းချမည်

ဖမ်းဆီးထားသည့်တရားမဝင်သစ်များ ပြန်လည်ရောင်းချမည်

-

၂၀၁၆/၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အတွင်း ဖမ်းဆီးရမိထားသည့် တရားမဝင်သစ် ၁၆၈ တန်ကျော်အား ဒေသဖွံ့ဖြိုးရေးအတွက် အသုံးလိုသည့်နေရာများတွင် မွန်ပြည်နယ်အစိုးရ၏ခွင့်ပြုချက်အရ မွန်ပြည်နယ်သစ်တောဦးစီးဌာနမှ ပြန်လည်ရောင်းချသွားမည်ဖြစ်ကြောင်း ပြည်နယ်သစ်တောညွှန်ကြားရေးမှူးရုံးမှ သိရသည်။

မွန်ပြည်နယ်သစ်တောဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးမင်းသိန်းမြင့်က “ကျေးရွာတွေမှာ တံတားပြင်ဖို့၊ အများနဲ့ဆိုင်တဲ့ ဘာသာရေးအဆောက်အအုံနဲ့ အစိုးရဌာနအတွက် သစ်လိုမယ်ဆိုရင် ရောင်းပေးမယ်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဖြစ်စေ၊ ကန်ထရိုက်လုပ်ငန်းဖြစ်စေ အဲဒီလိုမျိုးကိုတော့ ရောင်းပေးမှာမဟုတ်ဘူး” ဟု ဆိုသည်။

ဖမ်းဆီးထားသည့်သစ်များ(MNA)
ရောင်းချမည့်သစ်များတွင် သစ်မာ ၉.ဝ၃၂၁ တန်နှင့် အခြား ၁၆၀.၁၈၅၃ တန် စုစုပေါင်း ၁၆၉.၂၁၇၄ ပါရှိပြီး အုပ်စု (၁) သစ်မာ ‘လုံးတန်’ တစ်တန်လျှင် ၅၀ဝ၀ဝ ကျပ်/ ‘ခွဲတန်’ တစ်တန် ၁၀ဝ၀ဝ၀ ကျပ်နှင့် သစ်မာအုပ်စု (၂) ‘လုံးတန်’ တစ်တန်လျှင် ၂၅၀ဝ၀ ကျပ်/ ‘ခွဲတန်’ တစ်တန် ၅၀ဝ၀ဝ ကျပ်ဖြစ်ပြီ အုပ်စု (၃) နှင့် အခြားသစ်ပျော့များ သည် ‘လုံးတန်’ တစ်တန်လျှင် ၂၀ဝ၀ဝ ကျပ်/‘ခွဲတန်’ တစ်တန် ၄၀ဝ၀ဝ ကျပ် ဈေးနှုန်းသတ်မှတ်ထားကြောင်း ပြည်နယ်သစ်တောညွှန်ကြားရေးမှုရုံး သိရသည်။

“အခုပထမဆုံးအကြိမ် ရောင်းချတာဖြစ်ပါတယ်။ သစ်ဝယ်လိုတဲ့သူတွေကတော့ ကျနော်တို့ဌာနကို လျှောက်လွှာတင်ရမှာဖြစ်ပါတယ်။ သစ်လိုအပ်ချက်ရှိလာရင် ဒုတိယအကြိမ်ထပ်မံ ရောင်းချနိုင်ဖို့ကိုလည်း စီစဉ်ဆောင်ရွက်ဖို့ရှိပါတယ်” ဟု ဦးမင်းသိန်းမြင့်က ဆက်ပြောသည်။

ဖမ်းဆီးရမိထားသောသစ်များမှ ကျိုက်ထိုမြို့နယ်တွင် အခြားသစ်အမျိုးအစား ၁၃၂.၇ တန်၊ ဘီးလင်းမြို့နယ် တွင် အခြားသစ် ၇.၃၁ တန်၊ သထုံမြို့နယ်တွင် သစ်မာ ၉.ဝ၃ တန်နှင့်အခြား ၁၂.၉ တန်၊ မော်လမြိုင်မြို့နယ်တွင် သစ်မာ ၁.၂၉ တန်၊ ကျိုက်မရောမြို့နယ်တွင် အခြား ဝ.၇၂ တန်၊ သံဖြူဇရပ်မြို့နယ် ၁.၂၇ တန်၊ ရေးမြို့နယ် အခြား ၃.၉၉ တန် ရောင်းချမည်ဟု သိရသည်။

ယင်းကဲ့သို့ သစ်များမှ ရောင်းရသောငွေများမှ သစ်မာရောင်းရငွေအား ပြည်ထောင်စုအစိုးရသို့ တင်သွင်းရမည်ဖြစ်ကြောင်း၊ အခြားသစ်ပျော့အမျိုးအစားအား ပြည်နယ်အစိုးရကို တင်သွင်းရ မည်ဖြစ်သောကြောင့် ပြည်ထောင်စုအစိုးရက ၂,၆၈၇,၆၃၅ ကျပ်နှင့် ပြည်နယ်အစိုးရက ၃,၄၉၂,၃၂၅ ကျပ် အခွန်ငွေရရှိမည်ဟု မွန်ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ ခန့်မှန်းထားသည်။

၂၀၁၆/၂၀၁၇ ဘဏ္ဍရေးနှစ်တွင် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၏ သစ်ထုတ်လုပ်ခွင့်ကို တစ်နှစ်တိတိပိတ်ပင်ထားမည်ဖြစ်ပြီး ပဲခူးရိုးမသစ်တောမှ သစ်ထုတ်လုပ်ခွင့် ၁၀ နှစ်ကြာ ပိတ်ပင်ထားသည်ဟု မွန်ပြည်နယ်သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts