မွန်ပြည်နယ် အမျိုးသားအရေးနှင့် ပရဟိတအင်အားစုများကွန်ရက်မှ ဦးဆောင်၍ ဇန်နဝါရီလ ၈ ရက်နေ့က မော် လမြိုင်မြို့တွင် ကျင်းပခဲ့သော အကြမ်းဖက်သောင်းကြမ်းသူများ၏ လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချခြင်းနှင့် မြန် မာ့တပ်မတော်၏ တရား သောစစ်ပွဲများကို ထောက်ခံကြိုဆိုပွဲအပေါ် မွန်အရေးလှုပ်ရှားသူများ အဖွဲ့အစည်း အသီးသီးတို့က လက်မခံနိုင်ကြောင်း ပြောသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဒုဥက္ကဌ နိုင်ချမ်းတွဲ့က “ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာက ပြီးလာခဲ့ သလောက်ဆို ပထမငြိမ်းချမ်းရေးညီလာခံ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာက တင်ပြချင်တာ တင်ပြ လိုက်တယ်၊ သူ့ဘက်က ဘာမှ မလာဘူး၊ ဒါကြောင့် ဒါက တရားသောစစ်ဆိုတာ လက်မခံနိုင်ဘူး” ဟု ပြောသည်။
တရားသောစစ်ဖြစ်နေလျှင် လက်နက်ကိုင်နေစရာမလိုတော့ကြောင်း၊ တရားသော စစ်မဟုတ်သည့်အတွက် မွန်ပြည်သစ်ပါတီတို့က လက်နက်ကိုင်နေရကြောင်း၊ မွန်ပြည်သစ်ပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တို့သည် နည်းလမ်းသာ မတူတာ တိုက်ပွဲဝင်တာချင်း အတူတူပဲဟုလည်း ၄င်းက ဆက် ပြောသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေက “စစ်ပွဲကိုရပ်တန့်သွားအောင် ချေမှုန်းနေတဲ့တပ်မတော်ကို ထောက်ခံခြင်းဖြစ်တယ်၊ —— တိုက်ပွဲတွေမြန်မြန်နိုဂုံးချုပ်ချင်ရင် မြန်မြန်အေးအေးဆေးဆေးဖြစ်သွားအောင် ထိုက်ထိုက်တန်တန်တိုက်ခိုက်ချေမှုန်းဖို့ မျှော်လင့်ပါတယ်”ဟု အဆိုပါထောက်ခံပွဲတွင် တက်ရောက်ဟောပြောခဲ့သည်။
အလားတူ တပ်မတော်၏ တရားသောစစ်ပွဲ ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်မှုများကို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပုသိမ်၊ မိတ္ထီလာမြို့များတွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
“အခုလို သူတို့ထောက်ခံပြီးလုပ်သွားတာက ပြည်သူတွေ တိုင်းရင်းသားပြည်သူတွေက တိုင်းရင်းသားတ ပ်တွေအပေါ်မှာ အမြင်မကြည်အောင် အထင်မြင်လွဲမှားအောင် လုပ်ဆောင်နေသလိုဖြစ်နေပါတယ်၊ ဒါကြောင့် တို့မွန်ပြည်နယ်မှာ နေတဲ့ မွန်လူမျိုးတစ်ယောက်အနေနဲ့ လုံးဝလက်မခံနိုင်ပါဘူး” ဟု မွန်သံဃာတော် အရှင်အဇ္ဇက ပြောသည်။
တိုင်းရင်းသားဒေသတွင် မြန်မာ့တပ်မတော်ကို ထောက်ခံပွဲလုပ်ခြင်းသည် စိန်ခေါ်မှုတရပ်လိုဖြစ်နေကြောင်း၊ (NLD) အစိုးရအနေဖြင့်လည်း ဆိတ်ဆိတ်နေလျက် ထောက်ခံပွဲကို ဆက်လက်ခွင့်ပြုထားသည်မှာ အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်အပေါ် သွားနေခြင်းမဟုတ်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ နိုင်စဝေါမွန်က ပြောသည်။
“လူတိုင်းမှာ ကိုယ့်လူမျိုးရပ်တည်မှုအတိုင်း အားလုံးအခွင့်အရေးရှိပါတယ်၊ ဒါပေမဲ့ ဒီနိုင်ငံအတွင်းမှာ စစ်ပွဲဖြစ်နေ တာ နှစ်ပေါင်းမနည်းတော့ဘူး၊ စစ်ပွဲဆိုတာ မကောင်းမှန်းလည်းသိတယ် စစ်ပွဲကိုထောက်ခံ တယ်ဆိုတာက အဲ့လူတွေက စစ်ပွဲကို ကာလရှည်ကြာအောင် လုပ်ဆောင်နေတယ်လို့ပဲ မြင်တယ်” ဟု မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ နိုင်စဝေါမွန်က ဆိုသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်မှ လူဦးရေတစ်သောင်းခန့်တက်ရောက်မည်ဟု ရည်ရွယ်ထားသော်လည်း လူတစ်ထောင်ခန့်သာပါဝင်ခဲ့ပြီး မော်လမြိုင်မြို့ လှိုင်အားကစားကွင်းတွင် ဟောပြောပွဲပြုလုပ်၍ သံလွင်ဥယျာဉ်အထိ ချီတက် လမ်းလျှောက်ခဲ့ကြောင်း တွေ့ရှိရသည်။