spot_img
Thursday, February 26, 2026
More
    spot_img
    Homeသတင်းပေါင်မြို့နယ်တွင် ပင်လယ်ကမ်းပါးတိုက်စားသဖြင့် လူနေအိမ်များနီးကပ်နေသည့်အပေါ်စိုရိမ်မှုဖြစ်

    ပေါင်မြို့နယ်တွင် ပင်လယ်ကမ်းပါးတိုက်စားသဖြင့် လူနေအိမ်များနီးကပ်နေသည့်အပေါ်စိုရိမ်မှုဖြစ်

    -

    မွန်ပြည်နယ် ပေါင်မြို့နယ် ပင်လယ်ကမ်းရိုးတန်း၌ ရေကြောင်းပြောင်းလဲမှုဖြစ်ပေါ်နေသဖြင့် အလှပ်ရွာ အရှေ့ပိုင်းတွင် ယခုအခါ ပင်လယ်ကမ်းပါးနှင့် လူနေအိမ်နီးကပ်လာခြင်းကြောင့် စိုးရိမ်ရသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

    အလှပ်ကျေးရွာသား ဦးတင်ဦး က “လက်ရှိ အလှပ်ရွာ အရှေ့ပိုင်းမှာ အိမ်ခြေကပ်ပြီးတော့ ကမ်းပါး ဖြစ်လာတဲ့အတွက် ဒေသခံတွေက စုပေါင်းပြီးတော့ ကိုယ်ထူကိုယ်ထစနစ်နဲ့ ပင်လယ်ကမ်းပါးမှာ ကျောက်တုံးတွေစီတန်းပြီး ကာကွယ်နေရတာ ဖြစ်တယ်၊ လက်ရှိအနေအထားအရ ချထားတဲ့ကျောက်တွေ လုံလောက်မှု မရှိသေးပါဘူး” ဟုပြောသည်။

    ပင်လယ်ရေကို ကျောက်စီတားထည့်နေရာ(Tun Min Aung FB)
    ပင်လယ်ရေကို ကျောက်စီတားထည့်နေရာ(Tun Min Aung FB)
    အလှပ်ကျေးရွာအရှေ့ပိုင်း ရွှေသာလျောင်း ဘုရားမှ အနောက်ပိုင်း ပျဉ်းမပင်အထိ ပေ ၂၇၀ဝ ကျော်ကို ဒေသခံများ ကိုယ်ထူကိုယ်ထဖြင့် မျောပါခဲ့သည့်သက်ကယ်တောနေရာ၌ ကျောက်တန်းစီ အစားထိုးပြီး ကမ်းပါးပြိုကျမှုကို ကာကွယ်နေရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

    အလှပ်ရွာအရှေ့ပိုင်းနေ ဦးသိန်းဝင်း က “ကျနော် အလှပ်ရွာမှာ နေလာတာ နှစ် ၄၀ ကျော်နေပြီးပေါ့၊ အရင်ကဆို ရေကြောင်းက အောက်ဘက်မှာရှိနေတယ်၊ ကျနော်တို့ နေထိုင်တဲ့ နေရာနဲ့ ၇-၈ မိုင်လောက်ရှိတယ်၊ အခုဆို ၁ မိုင်လောက်ပဲ ရှိတော့တယ်၊ ရေတက်ရင်တော့ ရေက အိမ်ထဲအထိ ဝင်တယ်၊ အဲဒီအချိန်မှာ မုန်တိုင်းလာရင် အန္တရာယ်ဖြစ်နိုင်တယ်” ဟု ပြောသည်။

    အလှပ်ကျေးရွာအရှေ့ပိုင်း ပင်လယ်ကမ်းနားပိုင်းတွင် ကျောက်တုံးစီတန်း၍ ကာကွယ်ခြင်းကို ပထမဆုံးကြိမ် ဖြစ်ကြောင်း၊ ယခင်သက်ကယ်တောအစား ယာယီထိန်းသဘောနှင့်သာ ဆောင်ရွက်ထားကြောင်း၊ အမြင့် ၃ ပေ၊ ဗျက် ၃ ပေ ကျောက်တန်းစီ ထားသော်လည်း စိတ်ချ၍ မရကြောင်း ၄င်းက ဆက်ပြောသည်။

    အလှပ်ကျေးရွာသား (၃၀) ဦးပါသည့်ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ပြီး ကျောက် (၃) ကျင်းပါ ကျောက်ကား (၄၃) စီးအတွက် တန်ဖိုးငွေ (၄၁) သိန်း အလှူခံရရှိကာ ကျောက်တန်းစီခြင်း ပြုလုပ်ထားပြီးဖြစ်သော်လည်း လုံလောက်မှု မရှိသည့်အတွက် ဒေသခံများက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ် လယ်/ဆည်မြောင်း ထံ တင်ပြထားကြောင်း သိရသည်။

    အလှပ်ရွာအရှေ့ပိုင်းတွင် ဆေးရုံ၊ ရဲစခန်း၊ စာသင်ကျောင်း တည်ရှိနေပြီး ပေါင်မြို့နယ်တွင် အဓိက အချက်အချာကျသည့် နေရာဖြစ်နေကြောင်း သိရသည်။

    ယမန်နှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရန်ပုံငွေဖြင့် အလှပ်ကျေးရွာအနောက်ပိုင်း၌ ပင်လယ်ကမ်းပါးတိုက်စားမှုကို ကျောက်တုံးစီတန်းကာကွယ်ထားကြောင်း ဒေသခံများက ပြောသည်။

    ပေါင်မြို့နယ် အမှတ်(၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က “ပြည်နယ်အစိုးရက တာဝန်ယူမှုရှိရှိနဲ့ အမြန်ဆုံးလုပ်ဆောင်ပေးဖို့ ပြည်သူကိုယ်စား ထပ်ပြီးတိုက်တွန်းပါတယ်။ သူတို့တွေရဲ့ အသက်အိုးအိမ် လုံခြုံဖို့အတွက် ရွာကပြည်သူတွေက ရှိစုမဲ့စု ထည့်ကြစုကြပြီး မြေသားတမံတွေ ကိုယ်ထူကိုယ်ထ လုပ်လာခဲ့တာနှစ်စဉ်ပါ။ လုပ်အားငွေအား သိန်း ၇၀ဝ အထက်ရှိပါတယ်။ အခုနှစ်လည်း ကျောက်ဝယ်စီခြင်းအပါအဝင် သိန်းတစ်ရာလောက် သုံးစွဲပြီးပါပြီ။ ဒီလှိုင်းက ရွာအနီးရောက်လာတဲ့ဧရိယာ ပတ်ပတ်လည်ကျယ်လာတော့ ပြည်သူအားနဲ့မနိုင်တော့ပါ။ တောင်းဆိုချက် (6 x 9 size) လိပ်သဲကျောက် ၄၀ဝ ကျင်းခန့် အမြန်ဖြည့်ဆည်းပေးဖို့ ကျေးရွာပြည်သူများမှ တောင်းဆိုထားသည်” ဟု သူ၏ Facebook ကိုယ်ပိုင်စာမျက်နှာတွင် ရေးသားထားသည်ကို ဖတ်ရှုရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks