spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းပြည်နယ်အစိုးရ၏ MCL စက်ရုံအစီရင်ခံစာ ဒေသခံများသဘောထားမပါရှိဟုဆို

    ပြည်နယ်အစိုးရ၏ MCL စက်ရုံအစီရင်ခံစာ ဒေသခံများသဘောထားမပါရှိဟုဆို

    -

    ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်၊ ဒုတိယအကြိမ်ပုံမှန်အစည်းအဝေး ပဉ္စမနေ့(သြဂုတ် ၁ ရက်) တွင် ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မေးမြန်းချက်အပေါ် သယံဇာတနှင့် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီး ဦးအုန်းဝင်းက မွန်ပြည်နယ်အစိုးရအဖွဲ့၏ အစီရင်ခံစာအပေါ် အခြေခံပြီ ဖြေကြားရာတွင် ဒေသခံပြည်သူများ၏ သဘောထားများမပါရှိကြောင်း ဒေသခံများက ဆိုသည်။

    ကော့ဒွန်းကျေးရွာ သုမနာရာမကျောင်းဆရာတော် ဘဒ္ဒန္တ သုမန က “ဝန်ကြီးတွေက အစီရင်ခံစာရေးဘို့အတွက် ကုမ္မဏီကိုလည်း သွားတယ်။ ဆရာတော်တို့ဒေသခံတွေနဲ့ တွေ့ဆုံမေးမြန်းထားတာရှိတယ်။ အဲတော့ နှစ်ဖက်လုံးရဲ့ တွေ့ရှိချက်ကို ရေးသင့်တယ်ပေါ့။ အခုက မော်လမြိုင်ဘိလပ်မြေစက်ရုံ ကောင်းကြောင်းသက်သက် ရေးထားတာက မဖြစ်သင့်ဘူး” ဟု ဆိုသည်။

     MCL ဘိလပ်မြေစက်ရုံ(မွန်ထော)
    MCL ဘိလပ်မြေစက်ရုံ(မွန်ထော)

    အစီရင်ခံစာ၏ အနှစ်သာရကို ပြည်သူ့လွှတ်တော်တွင် ဖတ်ကြားမှသာ သိရှိရကြောင်း၊ ဒေသခံများ၏ အသံ လုံးဝ ထည့်သွင်း ရေးသားထားခြင်းမရှိကြောင်း၊ အဆိုပါအစီရင်ခံစာနှင့်ပတ်သက်ပြီး ယခုရက်ပိုင်းအတွင်း ပြည် နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်းနှင့် ကျောက်မီးသွေးသုံးသည့်ကိစ္စ ရပ်တန့်ရန်အတွက် ဆက် လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆရာတော်ဘဒ္ဒန္တ သုမနက ဆက်လက်မိန့်ကြားသည်။

    သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က “မွန်ပြည်နယ် အစိုးရအဖွဲ့သည် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့တွင် ကွင်းဆင်းလေ့လာ စစ်ဆေးခဲ့ပါကြောင်း၊ စစ်ဆေးသည့်နေ ရာတွင် MCL မှာလျှပ်စစ်ဓာတ်အား လိုအပ်ချက် ၄၀ မဂ္ဂါဝပ်ရှိသည့်အတွက်ကြောင့် ၂၀ မဂ္ဂါဝပ် ထုတ်နိုင်သည့် ဓာတ်အားပေးစက်ရုံနှစ်ရုံကို ၂၀၁၅ ခုနှစ်တွင် စတင်တည်ဆောက်ထားပြီး စက်ရုံအနေနှင့် ကျောက်မီးသွေး အသုံးပြုသည့်အတွက်ကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုတိုင်းကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ထားမှုရှိသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း” သြဂုတ် ၁ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ် တော်အစည်းအဝေးတွင် ဖြေကြားထားရှိသည်။

    မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါတ်တာမင်းကြည်ဝင်းက “အစီရင်ခံ စာထဲမှာတော့ ဒေသခံလူထုတွေရဲ့ ပြောထားတဲ့အရာတွေ ထည့်သွင်းရေးထားတာရှိပါတယ်။ ပြီးတော့ သုံးသပ် ချက်မှာလဲ ကုမ္မဏီဘက်က ဒေသခံလူထုတွေ နားလည်မှုသဘောပေါက်အောင်၊ လူထုနဲ့ ချိတ်ဆက်တာ အားနည်းတယ်ဆိုတာကိုလည်း ထည့်သွင်းရေးသားထားတာရှိတယ်” ဟု ဆိုသည်။

    မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL သည် ကျောက်မီးသွေးကို စွမ်းအင်အတွက်သာမက ဘိလပ်မြေထုတ်လုပ် ရာတွင်လည်း ရောနှောသုံးရကြောင်း၊ ကျောက်မီးသွေးကို သိုလှောင်ရာတွင် အပူလွန်ကဲပြီး မီးမလောင်စေရန် အတွက် မြေကြီးတူပြီ မြှပ်နှံထားရကြောင်း၊ စက်ရုံနှင့်ပတ်သတ်သည့် သတင်းအချက်အလက်များကို လူထုအား ချပြရမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရမှ ချမှတ်ထားသော စည်းကမ်းအတိုင်း ဆောင်ရွက်မှုမရှိပါက စက်ရုံအား အရေးယူဆောင်ရွက်ရန်ရှိသည်ဟု ဒေါတ်တာမင်းကြည်ဝင်းက ဆက်ပြောသည်။

    ပျားတောင်ဒေသရှိ ဒေသခံ ၃၇၈၀ မှ ကျောက်မီးသွေးထုတ် လျှပ်စစ်စွမ်းအင်ကို ကန့်ကွက်ကြောင်း ပြီးခဲ့သည် ဧပြီလ ၂၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် မွန်ပြည်နယ်လွှတ်တော် တို့အား တိုင်ကြားစာပေးပို့ထားကြောင်း သိရသည်။

    မော်လမြိုင် ဘိလပ်စက်ရုံ (MCL ) မှ ကျောက်မီးသွေးလျှပ်စစ်စွမ်းအင်ထုတ်လုပ်သည့်ကိစ္စကို ကန့်ကွက်သည့် ပျားတောင်ဒေသခံများ၏ တိုင်ကြားချက်အရ သဘာဝနှင့် သံယံဇာတဝန်ကြီး ဒေါတ်တာမင်းကြည်ဝင်း ဦးဆောင်သည့် မွန်ပြည်နယ်အစိုးရအဖွဲ့သည် ပြည်ထောင်စုအစိုးရထံ အစီရင်ခံစာပေးပို့နိုင်ရန်အတွက် ပြီးခဲ့ သည့် ဇွန်လ ၁ ရက်နေ့တွင် ပျားတောင်ဒေသခံများနှင့် မော်လမြိုင် ဘိလပ်စက်ရုံ (MCL ) တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး အစီရင်ခံစာ ရေးသားတင်ပြထားကြောင်းသိရသည်။

    MCL မော်လမြိုင်ဘိလပ်မြေစက်ရုံသည် အမေရိကန်ဒေါ်လာ သန်း ၄၀ဝ ရင်းနှီးမြှပ်နှံထားပြီး တနေ့တန်ချိန် ၅၀ဝ၀ ထွက်ရှိရန် လျာထား၍ စက်ရုံအတွက် လိုအပ်သည့် လျှပ်စစ်ပမာဏ (၄၉) မဂ္ဂါဝပ်ကို ကျောက်မီးသွေးနှင့် ဇီဝစွန့်ပစ်ပစ္စည်းများမှ (၄၀) မဂ္ဂါဝပ်ကို လည်းကောင်း၊ စက်ရုံမှ စွန့်ပစ်သော လေပူ Waste Heat Generator (WHG) မှတဆင့် (၉) မဂ္ဂါဝပ်ကိုလည်းကောင်း ထုတ်ယူသွားမည်ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်မှသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks