၁၉၅၈ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဝန်ကြီးချုပ်ဦးနုအစိုးရနှင့် မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း မွန်ပြည်သူ့တပ်ဦးတို့ လက်နက်နှင့်ငြိမ်းချမ်းရေး သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့သည့် သမိုင်းဝင် သင်ခန်းစာရစရာနေ့တစ်နေ့
ဖြစ်ပါသည်။
အစိုးရကိုယ်စား တပ်မတော်နှင့် မွန်ပြည်သူ့တပ်ဦးတို့ အရေးကြီးသော သဘောတူညီချက်များမှာ–
၁-မွန်ပြည်သူ့တပ်ဦးဌာနချုပ် အမှုဆောင်အဖွဲ့မှ အများစုက လက်နက်စွန့်သည်ဟု ကြေညာသည်နှင့်တပြိုင်နက် မွန်ပြည်သူ့တပ်ဦးကို တရားအသင်းအဖြစ် အစိုးရက အသိအမှတ်ပြုရန်။
၂-သင်ပုန်းချေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပေးရန် အစိုးရက သဘောတူသည်။
၃-မွန်ပြည်နယ်ရရှိရေး လုပ်ဆောင်ရာတွင် ဒီမိုကရေစီအခွင့်အရေးပေးရန် အစိုးရက သဘောတူသည်။
၄-ဥပဒေဘောင်အတွင်းရောက်ရှိလာသော မွန်တပ်သား၊ တပ်မှူးများအား သင့်တော်သလိုပြန်လည်ထူထောင်ရေးအတွက် အတတ်နိုင်ဆုံး အစိုးရက တာဝန်ယူရမည်။
ထိုကဲ့သို့ သဘောတူညီချက်လက်မှတ်ရေးထိုးပြီးနောက် ဇူလိုင် ၂၄ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် မော်လမြိုင်မြို့ မိုင်ဒါကွင်း၌ “လက်နက်ကိုင် တိုက်ပွဲအသွင်မှ ပါလီမန် ဥပဒေဘောင်အတွင်း တိုက်ပွဲအသွင် ပြောင်းလဲခြင်း အခမ်းအနား” ကျင်းပခဲ့ရာ မွန်ပြည်သူ့တပ်ဦး တပ်ဖွဲ့ဝင်အင်အား ၁၁၁၁ ဦး အကြွင်းမဲ့လက်နက်ချခဲ့ကြသည်။
လက်နက်ချ မွန်ပြည်သူ့တပ်ဦး တပ်ဖွဲ့ဝင်များအား လုံခြည် ၂ ထည်စီ၊ အင်္ကျီ ၂ ထည်စီနှင့် ငွေသား ၂၀ဝ ကျပ်စီ အစိုးရထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုနောက် မွန်ပြည်သူ့တပ်ဦး တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ရရှိခဲ့ပြီးနောက် ၁၉၆၀-ခု၊ ဖေဖေါ်ဝါရီ (၆) ရက်နေ့ အထွေထွေရွေးကောက်ပွဲ၌ နိုင်ဖိုးချို(ရေးမြို့နယ်)၊ နိုင်အောင်ထွန်း(ကျိုက္ခမီမြို့နယ်)၊ နိုင်ဖိုးစိန်(မုဒုံမြို့နယ်)တို့ ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး လွှတ်တော်အမတ်များ ဖြစ်လာသည်။
ဦးနု၏ သန့်ရှင်းဖဆပလအစိုးရအဖွဲ့တွင် မွန်ပြည်သူ့တပ်ဦး ဥက္ကဌ နိုင်အောင်ထွန်းက မွန်ရေးရာဝန်ကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ အမျိုးသား စည်းလုံးညီညွတ်ရေးဌာနများကိုပါ ပူးတွဲတာဝန်ယူခဲ့ပါသည်။
ထိုနောက် ၁၉၆၂ ခု မတ်လ ၂ ရက်နေ့တွင် စစ်အာဏာသိမ်းမှုဖြစ်ပေါ်ရာ မွန်ပြည်သူ့တပ်ဦး ခေါင်းဆောင်အားလုံး နှစ်ရှည်ထောင်နန်းစံခဲ့ရသည်နှင့်အတူ မွန်ပြည်သူ့တပ်ဦး ပါတီအဖျက်သိမ်းခံလိုက်ရသည်။
ထင်ရှားသည့်မွန်ခေါင်းဆောင်များဖြစ်ကြသည့် နိုင်အောင်ထွန်း၊ နိုင်ထွန်းသိန်း၊ နိုင်ငွေသိမ်း(လက်ရှိ မွန်အမျိုးသားပါတီဥက္ကဌ)၊ နိုင်ဆိတ်နို့(နိုင်နလ္လာ)၊ နိုင်သိန်းမောင်၊ နိုင်သာဟန်၊ ဗိုလ်ကြောင်(ဗိုလ်တေဇ)၊ နိုင်ဖိုးစိန်၊ နိုင်ကွန်ဗလိုင်နှင့် နိုင်အောင်ထွန်း၏သား နိုင်တင်အောင်(လက်ရှိ မွန်အမျိုးသားပါတီ ဒုဥက္ကဌ-၁) တို့ ထောင်နန်းစံခံလိုက်ရသည်။
အထက်ပါ ဇူလိုင် ၁၉ သဘောတူညီချက်ကို လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခြင်း၊ လက်နက်နှင့်ဒီမိုကရေစီလဲလှယ်ခြင်း၊ လက်နက်ကိုင်တိုက်ပွဲအသွင်မှ ဒီမိုကရေစီတိုက်ပွဲအသွင်သို့ ကူးပြောင်းခြင်း၊ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း၊ တိုက်ပွဲနည်းဗျူဟာပြောင်းလဲခြင်း၊ လက်နက်စွန့်လွှတ်ခြင်း စသည့်ဝင်္ကဝုတ္တိအလင်္ကာများဖြင့် မည်သို့ပင်ပြောဆိုစေကာမူ လက်နက်ချအညံ့ခံခြင်းပင် အဖြေထွက်ရှိခဲ့ပါသည်။
ထို့ကြောင့် မွန်ပြည်သူ့တပ်ဦး၏ ၁၉၅၈ ခုနှစ် လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခြင်းကို အနှစ်ချုပ်လိုက်ပါက “မွန်တို့အလိမ်ခံရသည်” ဟုသာ သမိုင်းတွင်ကျန်ရစ်နေဆဲဖြစ်ပါသည်။