Homeသတင်းရာမညရဋ္ဌ ဗုဒ္ဓတက္ကသိုလ်၏ Diploma in Buddhism တန်းကို ယခုလတွင်စတင်သင်ကြားမည်

ရာမညရဋ္ဌ ဗုဒ္ဓတက္ကသိုလ်၏ Diploma in Buddhism တန်းကို ယခုလတွင်စတင်သင်ကြားမည်

-

မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်ရှိ ရာမညရဋ္ဌ ဗုဒ္ဓတက္ကသိုလ်၏ Diploma in Buddhism တန်းကို ဇူလိုင်လ ၂၄ တွင် စတင်၍ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း တက္ကသိုလ်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဘဒ္ဒန္တ ပါလရာမည မိန့်ကြားချက်အရ သိရသည်။

“ဒီရာမညရဋ္ဌ ဗုဒ္ဓတက္ကသိုလ်မှာတော့ ကမ္ဘာ့အဆင့်မှီအောင် အဘိဓမ္မာတစ်ဘာသာကို ထပ်တိုးထားတယ်၊ ဒီ Diploma in Buddhism အတန်းကို တက်ရောက်နိုင်ဖို့အတွက် ရဟန်းသံဃာတော်ဆိုရင် အနည်းဆုံး ရာမညဓမ္မာစရိယ အကြီးတန်း ဒါမှမဟုတ်ရင် အစိုးရ ပထမကြီးတန်းကိုအောင်ထားရမယ်၊ လူဝတ်တွေဆိုရင် ၁၀ တန်းကို အောင်ထားပြီးရမယ်” ဟု ဆရာတော်က မိန့်ကြားသည်။

သံဃာတော်များနှင့် သီလရှင်များကို ဦးစားပေးသွားမှာဖြစ်ပြီး လောလောဆယ်ဆယ်တွင် သံဃာ ၁၈ ပါးနှင့် လူဝတ် ၅ ဦးတို့ စာရင်းသွင်းထားကြရာ ဝင်ခွင့်စာမေးပွဲကို ဇူလိုင်လ ၁၆ ရက်နေ့တွင် စတင်စစ်ဆေးမှာဖြစ်ကြောင်း၊ အရည်အချင်းပြည့်မှီသူများကို တက်ရောက်ခွင့်ပြုမှာဖြစ်ပြီး အရည်အချင်း မပြည့်မှီသူများကို လေးငါးလခန့် အင်္ဂလိပ်စာသင်တန်းများဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း ယခုအခါ အတန်းသားအားလုံးကို လက်ခံသွားမည်ဖြစ်ကြောင်း မော်ကွန်းထိန်း ဦးခေမာသာရက မိန့်ကြားသည်။

ရာမညရဋ္ဌ ဗုဒ္ဓတက္ကသိုလ်(MNA)
ရာမညရဋ္ဌ ဗုဒ္ဓတက္ကသိုလ်(MNA)

“ဒီမှာ နှစ်နှစ်တက်လို့ အောင်မြင်သွားရင် ဦဇင်းတို့ ဒီပလိုမာဘွဲ့ပေးမှာပါ၊ နောက် ၂ နှစ်ဆိုရင် ဦးဇင်းတို့ဆီမှာ သင်ကြားပေးမယ့်ဆရာတော်တွေက အလုံအလောက်ရောက်လာတော့မှာဆိုတော့ BA အတန်းကို ဆက်ပြီး သင်ကြားပေးသွားမှာပါ၊ အကယ်၍ ဒီမှာ မတက်ချင်ရင်လည်း ထိုင်းနိုင်ငံက MCU စတဲ့ တက္ကသိုလ် သုံးခုနဲ့ ဆက်သွယ်ထားပြီးပါပြီ၊ ဟိုဘက်ကလည်း ကြိုဆိုဖို့ ရှိပါတယ်” ဟု ဦးခေမာသာရ မှ မိန့်ကြားသည်။

အဆိုပါ ရာမညရဋ္ဌ ဗုဒ္ဓတက္ကသိုလ်ကို မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓတက္ကသိုလ်နှင့်ကောလိပ် ၂၁ ခုမှ အသိအမှတ်ပြုထားပြီးဖြစ်ကြောင်း၊ ဤတက္ကသိုလ်မှ ဒီပလိုမာတန်းအောင်မြင်ပြီးပါက မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓတက္ကသိုလ်နှင့် ကောလိပ်တွင်မဆို BA တန်းကို ဆက်လက်သင်ကြားခွင့်ရရှိမှာဖြစ်ကြောင်း ဦးခေမာသာရက ဆက်လက်မိန့် ကြားသည်။

ရာမညရဋ္ဌဗုဒ္ဓတက္ကသိုလ်ကို မွန်တရားဟောဓမ္မကထိက ဆရာတော်အရှင်သီလာစာရ ဦးစီး၍ ၂၀၁၂ ခုနှစ် မေလ ၂၆ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ရာမညဓမ္မာစရိယ မွန်သံဃာတော်အဖွဲ့တို့၏ ဦးဆောင်မှုအောက်တွင် အကောက်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ Diploma in Buddhism တန်းတွင် ပါဠိသဒ္ဒါ၊ အင်္ဂလိက်သဒ္ဒါ၊ သုတ္တန် နှင့် အဘိဓမ္မာအားဖြင့် လေးဘာသာ သင်ကြားသွား မည်ဖြစ်ကြောင်း၊ သုတ္တန်တွင် ဓမ္မပဒလာ ယမကဝက်နှင့် မင်္ဂလသုတ်ရှိ ပရဘာဝသုတ်အားဖြင့် နှစ်ပိုင်းခွဲခြား သင်ကြားသွားမည်ဖြစ်သော်လည်း စာမေးပွဲတွင် ပေါင်း၍သာ ဖြေကြားမည်ဖြစ်ကြောင်း၊ စစ်ကိုင်းသီတဂူဗုဒ္ဓတက္ကသိုလ်၏ သင်ရိုးအတိုင်းသင်ကြားမည် ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts