မြန်မာပြည်တွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလာသည်မှာ နှစ်ပေါင်း ၇၀ နီးပါး ကြာမြင့်လာပြီး ဖြစ်သည်။ ထိုလက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်သူ ဒုက္ခသည်များလည်း မြန်မာနိုင်ငံတဝှမ်း အများအပြားရှိနေသည်။
ထိုသို့ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေသူများအားလုံးတွင် နစ်နာမှုများရှိကြသော်လည်း အမျိုးသမီး များ နှင့် ကလေးငယ်များသည်လည်း အမျိုးသားများနှင့် မတူညီသော ပုံစံဖြင့် ခံစားနေရသည်ဟု မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်း များက ဆိုသည်။
စစ်ပွဲနှင့် ပဋိပက္ခ ဖြစ်ပွားရာ ဒေသများတွင် ရှိသော အမျိုးသမီးများသည် အသက်အရွယ် မရွေး အလိုမတူဘဲ သားမယားပြုကျင့်ခံရမှုများ ကြုံတွေ့နေကြရသကဲ့သို့ ညင်းပမ်း နှိပ်စက်မှု များလည်းခံကြရပြီး အမျိုးသားများ တိုက်ပွဲတွင် ကျဆုံးခြင်း၊ တိုက်ပွဲတွင် နည်းအမျိုးမျိုးဖြင့် ပါဝင်နေရခြင်းတို့ကြောင့် အမျိုးသမီးများ အနေဖြင့် အိမ်ထောင် ဦးစီးအဖြစ် တာဝန်ယူကာ မိသားစုအား ပြုစုစောင့်ရှောက်ရခြင်းအပြင် စိတ်ကျဝေဒနာများလည်း ခံစားနေကြရကြောင်း အမျိုးသမီးအဖွဲ့အစည်း အချို့က လေ့လာခဲ့သော စစ်တမ်းများ၊ မေးမြန်းခဲ့ရသော အတွေ့အကြုံများ အရ ဆိုသည်။
ထို့ပြင် ကလေးငယ်များမှာလည်း ကျောင်းပညာရေးကို သင်ကြားခွင့်များ ဆုံးရှုံးမှုများ ကြုံတွေ ့နေကြရ သကဲ့သို့ ကြောက်ရွံ ့စိတ်များလည်း ကြီးစိုးကာ သာမန် ကလေးငယ်များ ရရှိခံစားနေရသော ကလေး ဘဝ ခံစားခွင့်များ ဆုံးရှုံးနေကြရကြောင်း အမျိုးသမီးအဖွဲ့အစည်းများက ဆိုသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နှစ်ပေါင်း ၇၀ နီးပါး ကြာမြင့်လာပြီးဖြစ်သည့် ပြည်တွင်းစစ်အားရပ်တန့်ပေးရန် တောင်းဆိုနေကြသလို ပြည်တွင်း စစ်ရပ်တန့်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးသူများ အကြားမှာလည်း စစ်ပွဲများကြောင့် အမျိုးသမီးများ ခံစားနေရသော အသံများ သယ်ယူလာခွင့်ပြုရေး တောင်းဆိုနေကြပါသည်။
ယင်းသို့ တောင်းဆိုရခြင်းမှာ အမျိုးသမီးများ ခံစားနေရသည့် ပြဿနာများကို အမျိုးသမီး အချင်းချင်း ပိုမို နားလည်သောကြောင့် ဖြစ်သည်ဟုလည်း အမျိုးသမီးအဖွဲ့အစည်းများက ပြောဆိုသည်။
သို့သော် လက်ရှိ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အမျိုးသမီးများ ပါဝင်ခွင့် အရေအတွက်မှာ လွန်စွာ နည်းပါးလှ သည်ကို တွေ့ ရှိရပါသည်။ ထိုသို့ နည်းပါးရခြင်းကလည်း အမျိုးသမီးများကို ပါဝင်ခွင့် မပြုဘဲ မဆိုင်သလို ထားခြင်းနှင့် အမျိုးသမီးတို့သည် အမျိုးသားများ၏ နောက်တွင်သာ နေရမည်ဆိုသော လူမှုဆိုင်ရာပုံစံသွင်းခြင်းကြောင့် ယခုလို ပါဝင်ခွင့် မရခြင်းဖြစ်နေသည် ဟု အမျိုးသမီးအဖွဲ့အစည်းများ နှင့် ကျား/မတန်းတူ အခွင့်အရေးရရှိရေး သင်တန်းများ ပို့ချနေသူများက ဆိုကြသည်။
“ အခု စစ်ပွဲတွေဖြစ်တယ် ။အမျိုးသားတွေနဲ့ပဲ ဆိုင်တာလား၊ စစ်ပွဲကြောင့် အမျိုးသမီးတွေ ဘယ်လို ထိခိုက်မှုတွေရှိနေလဲ၊ အဲဒီ ထိခိုက်နစ်နာမှုတွေ ခံစားနေရတဲ့ အသံတွေ အမျိုးသားတွေဘဲ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးမှာ တင်ပြခွင့်မရတော့ဘူးလား”ဟု ကျားမ တန်းတူညီရေး ဆောင်ရွက်နေသူ တစ်ဦးဖြစ်သည့် ဦးအားတီက သူ၏ အမြင်ကို ဖွင့်ဟ ပြလိုက်သည်။
ထို့ပြင် ၄င်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တိုက်ပွဲများ အကြောင်းနှင့် အမျိုးသားများနှင့် သက်ဆိုင်သည့် ကိစ္စများသာ ဆွေးနွေးမည် ဆိုပါက အမျိုးသမီးအရေး၊ လူငယ်အရေး စသည့် အချက်များ ပါဝင်မှု အားနည်း လာမည် ဖြစ်ပြီး ရေရှည် တည်တံ့သည့် ငြိမ်းချမ်းရေး မရ နိုင်ကြောင်း ထောက်ပြသုံးသပ် ပြောဆိုသည်။
အမျိုးသမီးများ ၊ လူငယ်များ စားပွဲဝိုင်း ဆွေးနွေးပွဲများတွင် ပါဝင်လာပါမှ ၄င်းတို့၏ သီးသန့် လိုအပ်ချက်များကို ထောက်ပြ ပြောဆိုနိုင်မည် ဖြစ်သည်ကိုလည်း ဦးအားတီက “ဥပမာပြောရရင် နာဂစ်ဖြစ်တုန်းက ကျွန်တော်တို့ ပရဟိတသွားလုပ်တယ်။ အမျိုးသားတွေဘဲပါတယ်။ အဲဒီမှာ အမျိုးသမီးတွေရဲ့ လစဉ်သုံးပစ္စည်းတွေ ယူသွားရမယ်လို့ မတွေးခဲ့မိဘူး ဟိုရောက်တော့ ဒီကိစ္စက ပြဿနာတတ်လာတယ်။ ဒါမျိုးလေးတွေပေါ့ အမျိုးသမီးတွေရဲ့ ခံစားချက် ဘာလဲ ဆိုတာ အမျိုးသမီးတွေက ပိုသိပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ ငြိမ်းချမ်းရေးမှာ ပါဝင်ဖို့ လိုပါတယ်”ဟု ၎င်းက ပြောသည်။
ထိုသို့ တင်ပြ ဆွေးနွေးနိုင်ရန်အတွက် အမျိုးသမီးများသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဆင့်တိုင်းတွင် ပါဝင်ခွင့်ရရေး နှင့် ငြိမ်းချမး်ရေးဆွေးနွေးပွဲ၌ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့်ရရေးတို့အတွက် တောင်းဆိုမှုများ ရှိလာပြီ ဖြစ်သည်။
သို့သော် လက်ရှိ ငြိမ်းချမး်ရေးဆွေးနွေးပွဲတွင် ဆွေးနွေးနေကြသူများမှာ အမျိုးသားများသာ ဖြစ်ပြီး အမျိုးသမီး ဆိုသည်မှာ လက်ချိုးရေတွက်နိုင်ကြောင်း အမျိုးသမီးအဖွဲ့အစည်းများက ထောက်ပြ ပြောဆိုနေပြီး အမျိုးသမီးများ ပါဝင်ခွင့် မရပါက ငြိမ်းချမ်းရေး ဆွေးနွေးမှုများလည်း ရည်ရှည် တည်တံ့ ခိုင်မြဲနိုင်မည်မဟုတ်ဟု ပြောဆိုထားကြသည်။
“ကျွန်မတို့ အမျိုးသမီးတွေ ဘာလို့ အခုလို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့် ဘာလို့တောင်းနေရလဲဆိုရင် အမျိုးသမီးတွေရဲ့ အသံတွေကို တင်ပြသွားချင်လို့ပဲ၊ စစ်ကို အမျိုးသားတွေဘဲ တိုက်တာ မှန်ပါ တယ်။ ဒါပေမဲ့ စစ်ပွဲကြောင့် အမျိုးသမီးတွေ ဘယ်လို ထိခိုက် ခံစားနေရလဲဆိုတာ သူတို့မသိဘူး ကျွန်မတို့ အမျိုးသမီးချင်းဘဲ သိတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ အသံကို ကျွန်မတို့ အမျိုးသမီးတွေတင်ပြနိုင်ဖို့ ကြိုးစားနေတာပါ”ဟု Triangle Women’s Support Group မှ ဒေါ်ခင်လေး ကဆိုသည်။
အမျိုးသမီးအဖွဲ့အစည်းများသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်ခွင့်ရရေးကို ဆက်လက် တိုက်ပွဲဝင်နေဆဲဖြစ်ပြီး မည်သည့် အချိန်မှ လက်လျော့သွားရန်လည်း အစီအစဉ်မရှိကြောင်း ၎င်းက အမျိုးသမီးများ၏ ရပ်တည် ချက်ကို ဖွင့်ဟ ပြောဆိုလိုက်သည်။
အမျိုးသမီးအဖွဲ့အစည်းများမှ ငြိမ်းချမး်ရေးဆွေးနွေးပွဲများတွင် ၃၀ ရာခိုင်နှုန်းပါဝင်ခွင့်တောင်းဆိုနေခြင်း နှင့် ပတ်သက်ပြီး အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အကြား ငြိမ်းချမ်းရေး စေ့စပ် ညှိနှိုင်းပေးနေ သော ဦးလှမောင်ရွှေ က NCA တွင် အမျိုးသမီးများ ၃၀ ရာခိုင်နှုန်းအထိ ပါဝင်လာနိုင်ရေး ကြိုးစားသွားမည်ဟု ပါဝင်ကြောင်း သို့သော် လက်တွေ့တွင် အရည်အချင်းမှာ ပြောစရာဖြစ်လာကြောင်း သူ၏ အမြင်ကို ပြောပြသည်။
“လက်တွေ့မှာ အရည်အချင်းပေါ့ ဥပမာ သဘာအရ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ဒီနိုင်ငံမှာ အမျိုးသမီးတွေ မှာ ခေါင်းဆောင်နိုင်တဲ့ သူ့အရည်အချင်းက ခင်ဗျာ အမျိုးသားတွေထပ် သာနေရင်တော့ ဒါကလည်း တာဝန် ယူသွားမှာဘဲ။ အမျိုးသမီး၊ အမျိုးသားလို့ ခွဲတာထပ်ပေါ့လေ တကယ်တမ်း ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပိုပြီးတော့ လက်တွေ့ဆန်မယ် ပိုအောင်မြင်မယ်ဆိုရင် အမျိုးသမီး ၃၀ မဟုတ်ဘူး ၅၀ ပါလည်းရ တာဘဲ။အရေးကြီးတာတော့ ရလဒ်ထွက်ဖို့ပါပဲ” ဟု လက်ရှိ ၂၁ ရာစု ပင်လုံ ညီလာခံအကြိုပြင်ဆင်ရေး ဆပ်ကော်မတီ(၂)အတွင်းရေးမှူး အဖြစ် တာဝန်ယူ ဆောင်ရွက်နေသော ဦးလှမောင်ရွှေက သူ၏ သဘောထားကို ပြောပြသည်။
အလားတူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ကလည်း “ မပါရဘူး မဟုတ်ဘူး။ ငြိမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါသင့်တယ်။ လမ်းလဲ ဖွင့်ပေးရမယ်။ ဒါပေမဲ့ ဘယ်လို ပုံစံမျိုးလဲ သိဖို့လိုတယ်။ ရာခိုင်နှုန်း ၃၀ ပါရရေး၊ မပါရရေးထက် နိုင်ငံအတွက် ဘယ်လို ပူးပေါင်းဆောင်ရွက်ရင် ကောင်းမလဲ စဉ်းစားသင့်တယ်”ဟု ဆိုသည်။
အမျိုးသမီးများကလည်း မိမိတို့တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ပါဝင်နိုင်ရေး အတွက် အမျိုးသမီး ၁၀ဝ ဦးကို ရွေးချယ်ထားပြီး အဆင်သင့် ပြင်ဆင်ထားကြောင်း Triangle Women’s Support Group မှ ဒေါ်ခင်လေး ကဆိုသည်။
အမျိုးသမီးများ ငြိမ်းချမး်ရေးဆွေးနွေးပွဲတွင် ပါဝင်ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တရားဝင်ဖြစ်မှု အလားအာကို ကောင်းမွန်စေနိုင်ကြောင်း အနည်းဆုံးအားဖြင့် အစဉ်အလာအရ အာဏာကိုင်စွဲထားသူ များ နှင့် မတူကွဲပြားသော လိုအပ်ချက်အမျိုးမျိုးနှင့်ဆန္ဒအမျိုးမျိုးကို ဖော်ပြနိုင်သူများဖြစ်သောကြောင့် ဖြစ်သည် ဟု A.G.I.P.P က ဆိုသည်။
ထို့ပြင် ၎င်းတို့၏ ကျား/မအခြေပြု အတွေ့အကြုံများအရ အမျိုးသမီးအများစုသည် ဆန့်ကျင်ခွဲထွက်သူများ အကြား စေ့စပ်မှုများကို လုပ်ဆောင်နိုင်သည့် စွမ်းရည်များ ထူးခြားစွာရှိနေပြီး ယုံကြည်မှုနည်းပြီး အကျိုးစီး ပွားများအတွက် အားစိုက်နေသည့်် အခြေအနေများတွင် လိမ္မာပါးနပ်စွာဖြင့် ပူးပေါင်းမှုကို တည်ဆောက်နိုင်သူများ အဖြစ် သက်သေပြနိုင်ခဲ့ကြောင်း A.G.I.P.P မှ ထုတ်ဝေထားသော မြန်မာနိုင်ငံရှိ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးမူဝါဒများ အခြေအနေလေ့လာသုံးသပ်ချက်နှင့်အကြံပြုချက်များ စာအုပ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် စီဒေါ(CEDAW)ကို ၁၉၉၇ ခုနှစ်တွင် သဘောတူ လက်မှတ်ရေးထိုးထားပြီး ထိုကြောင့် စီဒေါ ပါအချက်အလက်များအရ အမျိုးသမီးများကို နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ စသည့် အခန်း ကဏ္ဍ များ အပါဝင် တခြားသော မည်သည့် အခန်းကဏ္ဍများတွင် မဆို အမျိုးသမီး ၃၀ ရာခိုင်နှုန်းကို ထည့်သွင်း ပါဝင်ခွင့်ပြုရမည်ဟု ဆိုသည်။
စီဒေါဆိုသည်မှာ အမျိုးသမီးများအား ခွဲခြားဆက်ဆံခြင်းမပြုလုပ်ရဘဲ အမျိုးသားများနှင့်တန်းတူ ညီမျှ အခွင့်အရေးရရှိရန် ဆောင်ရွက်ပေးရမည်ဆိုသော နိုင်ငံတကာဥပဒေ တရပ် ဖြစ်သည်။
သို့သော် လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသမီးများသည် နိုင်ငံရေးတွင်လည်း ပါဝင်မှု အားနည်းနေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်လည်း ပါဝင်ခွင့် နည်းပါးနေကြောင်း လွှတ်တော်အတွင်းရှိ အမျိုးသမီး အမတ်ဦးရေ နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်နေသော အမျိုးသမီး အရေအတွက်အား ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။
ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် နိုင်ငံရေးပါဝင် လှုပ်ရှားမှုအနေဖြင့် လွှတ်တော်အတွင်း၌ အမျိုးသမီး အမတ်လောင်းမှာ ၆ ရာခိုင်နှုန်းသာရှိပြီး ယခု အစိုးရသစ်လက်ထပ်တွင် အမျိုးသမီး အမတ် လောင်း ဦးရေမှာ ၁၂ ရာခိုင်နှုန်းသာ ရှိသေးပြီး အမျိုးသမီးများ ပါဝင်လာမှု အားနည်းနေသေးကြောင်း အမျိုးသမီးအဖွဲ့အစည်းများက ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ နီးပါး ဖြစ်ပွားနေသော ပြည်တွင်း စစ်အား ရပ်တန့်နိုင်ရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အမျိုးသမီးပါဝင်မှုများလည်း နည်းပါးနေသည်ကို ငြိမ်းချမး်ရေးဆွေးနွေးပွဲမှ တဆင့် ဖွဲ့စည်း ထားသော ကော်မတီ အသီးသီး၏ အဖွဲ့ဝင် စာရင်းများကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။
ပထမဆုံး NCA စာချုပ် ဖြစ်မြောက်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့မှ ဖွဲ့စည်းသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)တွင် အမျိုးသမီး တစ်ဦး၊ အဆင့်မြှင့် ကိုယ်စားလှယ်အဖွဲ့(SD)၌ ၁၅ ဦးအနက် ၂ ဦးသာ ပါဝင်ခွင့်ရရှိထားသည်။
ထို့ပြင် ပြီးခဲ့သည့် အစိုးရဟောင်းမှ ဖွဲ့စည်းထားသော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မ တီ(UPCC)တွင် ၁၁ ဦးပါဝင်သော်လည်း အမျိုးသမီး ကိုယ်စားလှယ် တစ်ဦးမှ ထည့်ဝင်ထားခြင်းမရှိသလို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းငေယ်မတီ(UPWC)မှာလည်း ၅၂ ဦးအနက် အမျိုးသမီး ၂ ဦးသာလျှင် ပါဝင်ခွင့်ရရှိထားသည်။
ယင်းနောက် NCA မှ ပေါက်ဖွားလာသော အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပူးပေါင်းဖွဲ့စည်း ထားသော ကော်မတီများဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)ကို အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းထားရာ အမျိုးသမီး ကိုယ်စားလှယ် ပါဝင်လာခြင်းမရှိသကဲ့သို့ ၄၈ ဦးဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)တွင်လည်း ၃ ဦးသာ ပါဝင်ခွင့်ရရှိထားပြီး ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U)၌ အဖွဲ့ဝင် ၂၆ ဦးပါသော်လည်း အမျိုးသမီး ကိုယ်စားလှယ် တစ်ဦးမှ ပါဝင်လာခြင်းမရှိကြောင်း NCA စာချုပ်ပါ ကော်မတီများ၏ စာရင်းဇယားများမှ သိရှိရပါသည်။
အဆိုပါ ငြိမ်းချမး်ရေး ဆွေးနွေးပွဲသို့ အမျိုးသမီးများ ပါဝင်လာမည်ဆိုပါက ငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး အမျိုးသမီးများ၏ ထိခိုက် နစ်နာမှုများ နှင့် ခံစားချက်များကိုလည်း အမျိုးသမီးချင်း ကိုယ်ချင်းစာစိတ်ဖြင့် ပိုမို ထိရောက်စွာ ဆွေးနွေးတင်ပြ နိုင်မည်ဖြစ်သည်ဟုလည်း ကိုလံဘီယာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ၆ နှစ်ကြာ ပါဝင် လုပ်ကိုင်ခဲ့ဖူးသူ ကိုလံဘီယာ တက္ကသိုလ်တွင် ဘွဲ့လွန် တက်ရောက်နေသော နိုင်ငံရေး သိပ္ပံ ပညာရှင် Mastery Candidate at Colombia Uniersity မှ Ms.Lina Torres က ဆိုသည်။
လက်ရှိတွင် အမျိုးသမီးအဖွဲ့များသည် မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့် ရရှိရေး အတွက် ကြိုးစားနေကြရပြီး စစ်ပွဲကြောင့် အမျိုးသမီးများအပေါ် အကျိုးသက်ရောက်စေခဲ့ သည့် ထိခိုက် နစ်နာမှုများကိုလည်း အစီရင်ခံစာ ကောက်ယူနေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ အမျိုးသမီးအသံများ ပါဝင်လာနိုင်ရေးကိုလည်း ကြိုးစားနေကြဆဲဖြစ်သည်။