Homeသတင်းLong Life ကျောက်ထုတ်လုပ်ငန်းအား ပေါင်မြို့နယ်ဒေသခံများ ကန့်ကွက်ဆန္ဒဖော်ထုတ်

Long Life ကျောက်ထုတ်လုပ်ငန်းအား ပေါင်မြို့နယ်ဒေသခံများ ကန့်ကွက်ဆန္ဒဖော်ထုတ်

-

ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲ (MNA)
ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲ (MNA)
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာအနီးရှိ Long Life Aggregate Mining Co.Ltd ကျောက်ထုတ်လုပ်ငန်း ဖျက်သိမ်းပေးရေး ဒေသခံ ၅၀ဝ ခန့်က ဇွန်လ ၅ ရက်တွင် ဥတ္တံတားရွာမှ ကျောက်မိုင်းကုမ္ပဏီအထိ ကန့်ကွက်လမ်းလျှောက်ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့သည်။

၎င်းကျောက်မိုင်းကြောင့် ဒေသခံရွာသားတို့၏ ဥယျာဉ်ခြံမြေများနှင့် လယ်မြေများပျက်စီးခြင်း၊ ရေ မြောင်းများ ပိတ်ဆို့သွားခြင်း၊ စမ်းချောင်းပျက်စီးခြင်း၊ လမ်းပျက်စီးခြင်းတို့အပါအဝင် သယံဇာတများ ပျက်စီးဆုံးရှုံး ခဲ့ခြင်းကြောင့် ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ဆန္ဒပြခေါင်းဆောင် ကိုဇော်ထွေး က “ယခုပထမအကြိမ် ဆန္ဒပြပြီး ထူးခြား မှုမရှိရင် ပေါင်မြို့နယ်ရုံးရှေ့မှာ ဒုတိယအကြိမ်ဆန္ဒထပ်ပြမယ်။ ပေါင်မြို့နယ်မှာ ဆန္ဒပြလို့ ထူးခြားမှု မရှိရင် ပြည်နယ်ရုံး ရှေ့မှာ တတိယအကြိမ်ဖြင့် ဆန္ဒထပ်ပြဘို့ ပြင်ဆင်ထားပါတယ်။ ဒီကျောက်မိုင်းဟာ ဒေသခံပြည်သူတွေအတွက် ကောင်းကျိုးဘာမှမရှိဘူး။ ကျေးရွာနေ ပြည်သူအချင်းချင်း စိတ်ဝမ်း ကွဲအောင် ရန်တိုက်နေတယ်” ဟု ပြောသည်။

လွန်ခဲ့သော ၂၀၁၃ ခုနှစ်ကတည်းက ဥတ္တံတားရွာတွင် Long Life ကျောက်မိုင်း လုပ်ငန်းစတင်ကြောင်း၊ ကျေးရွာနေပြည်သူလူထု၏ ဆန္ဒကိုကြိုတင်ရယူသင့်ကြောင်း၊ အဆိုပါ ကျောက်မိုင်းသည် ပြည်သူလူထု၏ ဆန္ဒကိုလုံးဝ ရယူခဲ့ခြင်းမရှိခဲ့ကြောင်း ကိုဇော်ထူးက ဆက် ပြောသည်။

အဆိုပါ ကန့်ကွက်ဆန္ဒဖော်ထုတ်ရာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျောက်မိုင်းကုမ္ပဏီဖျက်သိမ်းပေး၊ လယ်ယာမြေနှင့် ဥယျာဉ်ခြံများ မပျက်စီးရေး ကျောက်မိုင်းကုမ္ပဏီဖျက်သိမ်းပေး၊ သဘာဝအရင်းမြစ် မပျက်စီး ရေး ကျောက်မိုင်းကုမ္ပဏီဖျက်သိမ်းပေးနှင့် Long Life ကုမ္ပဏီ အလိုမရှိ၊ Long Life ကုမ္ပဏီ ချက်ချင်းရပ်၊ သစ်တောသစ်ပင် ထိန်းသိမ်းဖို့ ကျောက်မိုင်းများကိုရပ်တန့်စို့၊ ရေအရင်းအမြစ် မပျောက်ဆုံးရေး ကျောက်မိုင်း ကုမ္ပဏီများကို ဖျက်သိမ်းပေး စသည့် ကြွေးကျော်သံများ ဟစ်အော်ခဲ့ကြသည်။

ဆန္ဒပြပွဲသူ ဒေါ်ပန်းရီ က “ခုကျမတို့ ဆန္ဒပြတာ ကျောက်ထုတ်လုပ်နေတာကို ရပ်တန့် ပေးဘို့။ ဘာဖြစ်လို့လည်ဆိုတော ကျောက်ထုတ်တော့ ရေအရင်းမြစ်တွေပျက်စီးသွားတယ်။ သောက် သုံးရေအတွက် ရေရှားပါးမှုဖြစ်လာနိုင်တယ်။ တောင်က ကျလာတဲ့ သဲကြောင့် ခြံမြေတွေ ပျက်စီးနေ တယ်။ ဒါကြောင့် ဆန္ဒပြရတယ်” ဟု ဆိုသည်။

ဒေသခံများက ကျောက်မိုင်းကို ရပ်တန့်ပေးရေး ၁၂-၈-၂၀၁၄ တွင် ကန့်ကွက်လက်မှတ် ၂၅၀ဝ ကျော်၊ ၂၉-၁၂-၂၀၁၅ တွင် ကန့်ကွက်လက်မှတ် ၈၀ဝ ကျော်၊ ၂၂-၁-၂၀၁၆ ကန့်ကွက်လက်မှတ် ၁၀ဝ၀ ကျော်ဖြင့် သက်ဆိုင်ရာအစိုးရအာဏာပိုင်ဌာနများသို့ ကန့်ကွက်ထားကြောင်း သိရသည်။

အဆိုပါ Long Life Aggregate Mining Co.Ltd ကျောက်ထုတ်လုပ်ရေးသည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကုလားမတောင်ကြိုးဝိုင်း၊ ကွင်းအမှတ် ၄၆ အတွင်း မြေဧရိယာ ၂၂၅ ဧကတွင် ဆောက်လုပ်ရေးသုံးကျောက်နှင့် လမ်းခင်းကျောက်ထုတ်လုပ်ခွင့်ကို သက်ဆိုင်ရာမှ ခွင့်ပြုချက်ရရှိထားပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts