မွန်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်များစွာနှင့် ရင်ဆိုင်နေရသည့် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နယ် မန်ကျည်းချောင်းဝ ကျေးရွာသားနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ လပတ်လည်နေ့တွင် ဒေသခံများ ဦးဆောင်ကာ ဝတ်ပြုဆုတောင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
ဝတ်ပြုဆုတောင်းပွဲကို ဧပြီလ ၈ ရက်နေ့ မွန်းလွဲ ၄ နာရီဝန်းကျင်တွင် ရေးမြို့ ရွှေဆံတော် စေတီတော်ရင်ပြင်၌ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး၊ ရေးမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများ၊ အနောက်ပိုင်း ဖာလိန်ဒေသရှိ ကျေးရွာများနှင့် အရှေ့ပိုင်းရှိ ကျောင်းရွာ စသည့် ကျေးရွာများနှင့် မြောက်ပိုင်းရှိ လမိုင်း၊ မော့ကနင်၊ သောင်ပြင် စသည့်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံများ စုစုပေါင်း ၃၀ဝ ဝန်းကျင် တက်ရောက်ခဲ့ကြသည်။
ရေးမြို့နယ် တောင်ပိုင်း တိုးတက်ရွာသစ်ကျောင်းမှ ဆရာတော် ဘဒ္ဒန္တဇနက က “ဘုန်းကြီးတို့ ရေးတောင်ပိုင်းက ရွာသားတွေဟာ အစဉ်အဆက် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်။ နှိပ်စက်ခံနေရတယ်။ ဒီလို ဖြစ်နေတာကို တစ်ကမ္ဘာလုံးကို သိစေချင်တယ်။ တရားမျှတမှု၊ အေးချမ်းမှု လိုချင်တယ်။ အငြိုးအာဃာတတရားနဲ့ လုပ်တာ မဟုတ်ဘူး” ဟု ဝတ်ပြုဆုတောင်းပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို မိန့်သည်။
ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်သူများသည် ဝမ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် အမည်းရောင် ခေါင်းပတ်များကို စည်းထားကြပြီး၊ တစ်မိနစ်တာ ငြိမ်သက်ခဲ့ကြသည်။ ၎င်းပြင် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ရည်ရွယ်ပြီး သံဖြူဇရပ်မြို့ ဟံသာထော ကျောင်းဆရာတော် ဘဒ္ဒန္တသီလဝန္တ ထံမှ ငါးပါးသီလခံယူပြီး၊ သံဃာတော်များကလည်း မေတ္တာသုတ်တရားတော်ကို ရွတ်ဖတ်ခဲ့ကြသည်။
ဝတ်ပြုဆုတောင်းပွဲ မကျင်းပမီ မွန်းလွဲ ၁ နာရီဝန်းကျင်တွင်လည်း ရေးမြို့ မွန်ဓမ္မာရုံ၌ အထက်ပါ ရွာသားနှစ်ဦး သေဆုံးရမှုနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပြီး၊ ရေးမြို့နယ်အတွင်းရှိ လူမှုအဖွဲ့အစည်း အသီးသီးကို ကိုယ်စားပြုသူများ အပြင်၊ ပြည်မြို့ အခြေချ လူ့အခွင့်အရေးနှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့မှ ဒါရိုက်တာ အပါအဝင် အဖွဲ့ဝင် ၁၇ ဦးတို့ကလည်း လာရောက်ပူးပေါင်း ကူညီခဲ့ကြသည်။
မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံး အခွင့်အရေးတန်းတူရှိပြီး တစ်မျိုးတည်း ရှိသည်ဟူသော ခံယူချက်ဖြင့် လာရောက်ကူညီအားပေးခြင်း ဖြစ်ပြီး၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အမှုမှန်ပေါ်ပေါက်ရေးတွင် ပွင့်လင်းမြင်သာပြီး ပြည်သူများ သိရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း လူ့အခွင့်အရေးနှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့မှ ဒါရိုက်တာ ကိုဂျင်မီ က ပြောသည်။
၎င်းအနေနှင့် အထက်ပါ ရွာသားနှစ်ဦး ပစ်ခတ်ခံ သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပါအဝင်၊ သက်ဆိုင်ရာဌာနများသို့ တင်ပြထားပြီး ဖြစ်သည်ဟု ပြောသည်။
သတင်းစာ ရှင်းလင်းပွဲ တက်ရောက်ရန်အတွက် သက်ဆိုင်ရာ တပ်မ၊ တပ်ရင်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်အထောက်အကူပြု ကော်မတီများနှင့် မြို့နယ် ရဲတပ်ဖွဲ့အား ဖိတ်ကြားထားသော်လည်း တက်ရောက်လာခြင်း မရှိကြောင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း ဖြစ်မြောက်ရေးကော်မတီဝင် မင်းစိုးသိန်း က ပြောသည်။
သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း ဖြစ်မြောက်ရေးကော်မတီက ဖြန့်ဝေသည့် လက်ကမ်းစာရွက်တွင် (၁) ဒေသခံများ၏ အသက်အိုးအိမ်အပေါ် လုံခြုံမှုကင်းမဲ့နေသည်ကို အများပြည်သူ သိရှိနိုင်စေရန်၊ (၂) တပ်မတော်ဖက်မှ ပွင့်လင်းမြင်သာသည့် ဖြေရှင်းချက်များ ပြုလုပ်နိုင်ရန်နှင့် တာဝန်ယူ ဖြေရှင်းပေးနိုင်စေရန်၊ (၃) နစ်နာခဲ့သော ကွယ်လွန်သူနှစ်ဦး၏ မိသားစုများမှ စိတ်ကျေနပ်သည်အထိ ပြန်လည်ကုစားပေးနိုင်ရန်၊ (၄) မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ လာရောက်စုံစမ်းနိုင်စေရန်နှင့် အမှုမှန် ဖော်ထုတ်ပေးနိုင်ရန် ဟူ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ဖော်ပြထားသည်။
ရွာသားနှစ်ဦး သေဆုံးရခြင်းနှင့် ပတ်သက်၍ ဗိုလ်ကြီးဇော်မျိုးထက်အား မတ်လ ၁၉ ရက်နေ့က ခေါဇာမြို့ရဲစခန်းက (ပ)၆/၂၀၁၆၊ ပြစ်မှုပုဒ်မ-၃၀၂ အရ အမှုဖွင့်ထားပြီး ဖြစ်ကြောင်း သိရသည်။
အမှုမှန်ပေါ်ပေါက်ရေးနှင့် မိသားစုဝင်များ စိတ်ကျေနပ်သည်အထိ ပြန်လည်ကုစားပေးနိုင်ရေးအတွက် သက်ဆိုင်ရာမှ မဆောင်ရွက်ပေးနိုင်သရွေ့ လစဉ် ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်သွားနိုင်ရန် ရည်ရွယ်ထားသည်ဟုလည်း မင်းစိုးသိန်း က ပြောသည်။
မတ်လ ၈ ရက်နေ့ ညပိုင်း (၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်) တွင် ခလရ (၂၈၀) တပ်ရင်းမှ တပ်ရင်းမှူး ဖြိုးဝေဒွေး၊ ဒု တပ်ရင်းမှူး အောင်ကိုဝင်းနှင့် ဗိုလ်ကြီးဇော်မျိုးထက်တို့ ပါဝင်သည့် နယ်မြေလုံခြုံရေးအဖွဲ့၏ ပစ်ခတ်မှုကြောင့် မန်ကျည်းချောင်းဝကျေးရွာသား နှစ်ဦး ဖြစ်သည့် ဦးမိုးနှင့် ဦးချစ်စိုး ဓားခြစ်ဒဏ်ရာ အပါအဝင် ရင်ဘတ်ထိမှန် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ရခြင်းအတွက် ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခြင်း ဖြစ်သည်ဟု ဦးဆောင်သူများက ပြောသည်။