Tuesday, May 12, 2026
More
    spot_img
    Homeသတင်းမွန်ပါတီများ ညီညွတ်ရေး ကြိုးစားလုပ်ဆောင်သွားမည်ဟု ဒေါက်တာအောင်နိုင်ဦး ပြော

    မွန်ပါတီများ ညီညွတ်ရေး ကြိုးစားလုပ်ဆောင်သွားမည်ဟု ဒေါက်တာအောင်နိုင်ဦး ပြော

    -

    ဒေါက်တာအောင်နိုင်ဦးအား ဖာလိန်ဒေသခံများကြိုဆိုနေပုံ(IMNA)
    ဒေါက်တာအောင်နိုင်ဦးအား ဖာလိန်ဒေသခံများကြိုဆိုနေပုံ(IMNA)
    အာကာ – ရွေးကောက်ပွဲတွင် ရလဒ်ဆိုးများနှင့် ကြုံတွေ့ကြရသည့် မွန်ပါတီများ အချင်းချင်းစည်းလုံးညီညွတ်ရေးအတွက် ကြိုးစားလုပ်ဆောင်သွားမည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) မှ တစ်ဦးတည်း

    ပြန်လည်ရွေးချယ်ခံရသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး က ပြောသည်။

    နိုဝင်ဘာလ ၁၀ ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဖာလိန်ဒေသ၊ အံဒင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည့် “ဖာလိန်ဒေသ စည်းလုံးညီညွတ်ရေးအဖွဲ့” ၏ အစည်းအဝေး ငွေရတုသဘင် အခမ်းအနားတွင် ဖာလိန်ဒေသခံများကို စံနမူနာထားကာ ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

    သူက “ဘာ့ကြောင့် ဒီဖာလိန်ဒေသကို သာဓကပြရသလဲဆိုရင် အာဏာရထားတဲ့ လူတစ်ချို့က ဖာလိန်ဒေသအပေါ် ဆိုးကျိုးသက်ရောက်စေတဲ့ အလုပ်ကို လုပ်လာပေမဲ့လည်း ဖာလိန်သားတွေရဲ့ စည်းလုံးမှု ညီညွတ်မှုနဲ့ ကာကွယ်နိုင်ခဲ့တယ်။ စည်းလုံးညီညွတ်မှုဟာ အောင်မြင်ခြင်းရဲ့ အကြောင်းတရားပဲ။ ဒီလို စည်းလုံးညီညွတ်မှု ဖြစ်လာနိုင်ဖို့ ကျွန်တော့်အနေနဲ့ ဆက်ပြီး ကြိုးစားသွားပါ့မယ်လို့ ဒီနေရာကနေ ကတိပေးပါတယ်” ဟု ပြောသည်။

    ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပါတီများ အပြတ်သတ် ရှုံးနိမ့်ရခြင်းမှာ ပါတီအချင်းချင်း အပြန်အလှန် လေးစားမှု မရှိခြင်း၊ ညှိနှုိင်းတိုင်ပင်မှုနှင့် စည်းလုံးညီညွတ်မှု မရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု သူက ပြောသည်။

    သူက “နိုင်ငံရေးလုပ်မယ် ဆိုတဲ့ မွန်တွေ အများကြီး ရှုံးနိမ့်ခဲ့ရတာဟာ မွန်တွေကို ကိုယ်စားပြုတယ်ဆိုတဲ့ ရှေ့သွားခေါင်းဆောင်တွေ မညီညွတ်ကြလို့ပဲ ကျွန်တော်ပြောချင်တယ်” ဟု ပြောသည်။

    ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ်လောင်း (၃၅) ဦးအနက် ဒေါက်တာအောင်နိုင်ဦး တစ်ဦးတည်းသာ ရွေးချယ်ခံရပြီး၊ မွန်အမျိုးသားပါတီမှ (၅၃) ဦးအနက် ဒေါက်တာမင်းစိုးလင်း၊ ဒေါက်တာမင်းကြည်ဝင်းနှင့် နိုင်သီဟ (၃) ဦး ရွေးချယ်ခံရသော်လည်း အမျိုးသမီးပါတီ (မွန်) မှ (၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ရာတွင်မူ တစ်ဦးမှျ အနိုင်မရခဲ့ပေ။

    ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ်လောင်း (၃၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ရာတွင် (၁၆) ဦးအနိုင်ရခဲ့ပြီး၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ယခင်မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (အဆင့်ဆင့် အမည်ပြောင်းပြီး ယခု မွန်အမျိုးသားပါတီ) မှ (၁၉) ဦး ယှဉ်ပြိုင်ရာတွင် (၅) ဦး အနိုင်ရခဲ့သည်။

    အထက်ပါ အစည်းအဝေး ငွေရတုသဘင် အခမ်းအနားတွင် ဒေါက်တာအောင်နိုင်ဦးအား ဂုဏ်ပြုသည့် အစီအစဉ်ကိုလည်း ပူးတွဲပြုလုပ်ခဲ့ပြီး၊ ဖာလိန်ဒေသရှိ ကျေးရွာ (၇) ရွာမှ သံဃာတော် ၃၀ ကျော်နှင့် ဒေသခံ ၃၀၀ ဝန်းကျင် တက်ရောက်ကြသည်။

    ဖာလိန်ဒေသ၊ အံဒင်ကျေးရွာအနီးတွင် တိုယိုထိုင်းကုမ္ပဏီက လှျပ်စစ်ဓါတ်အား ၁၂၈၀ မဂ္ဂါဝပ်ထုတ် ကျောက်မီးသွေး လောင်စာသုံးစက်ရုံ စီမံကိန်းကို အကောင်အထည်ဖော်ရန် ကြိုးစားဆောင်ရွက်ရွာတွင် ဒေါက်တာအောင်နိုင်ဦးသည် ဒေသခံလူထုဖက်မှ ရပ်တည်ကာ အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက်လာခဲ့ခြင်းနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြန်လည်အရွေးခံရခြင်းကြောင့် ၎င်းအား ဂုဏ်ပြုခြင်း ဖြစ်သည်ဟု စီစဉ်သူများထံမှ သိရသည်။

    ၎င်းသည် ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်မှ ရွေးချယ်ခံ ကိုယ်စားလှယ်များအနက် ပြန်လည် ရွေးချယ်ခံရသည့် တစ်ဦးသော ကိုယ်စားလှယ်လည်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks