Home သတင်း မြေယာအငြင်းပွားမှု တရားလိုပြသက်သေမလာရောက်သဖြင့် စီရင်ချက်မချနိုင်

မြေယာအငြင်းပွားမှု တရားလိုပြသက်သေမလာရောက်သဖြင့် စီရင်ချက်မချနိုင်

မာန်အောင်ကြိုးဝိုင်း(GS)

မာန်အောင်ကြိုးဝိုင်း(GS)
မာန်အောင်ကြိုးဝိုင်း(GS)
မွန်ထော – မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ရွာမြေယာကိစ္စအငြင်းပွားမှုဖြစ်ပေါ်ခဲ့ပြီး တရားစွဲဆိုခံထားရသည့်တောင်သူ (၁၉) ဦးအမှုတွင် တရားလိုပြသက်သေ

တရားရုံးသို့ မလာရောက်သဖြင့် ရေးမြို့နယ်၊ တရားရုံးမှ အမှုစီရင်ချက် မချနိုင်သေးကြောင်း တရားစွဲဆိုခံထားရသည့် တောင်သူများက ပြောသည်။

“ကျွန်တော်တို့က ရုံးချိန်းတိုင်းကိုလာပါတယ်။ သင်္ကြန်တုန်းကရုံးချိန်း တခါမလာလို့ ကျွန်တော်တို့ကို ဖမ်းဝရမ်းနဲ့ဖမ်းတာမျိုးရှိတယ်။ သူတို့(တိုင်ကြားသူ) မလာတော့ဘာမှမဖြစ်ဘူး။ သူတို့မလာတာ (၈) ကြိမ်တော့ရှိပြီး။ သူတို့မလာတော့ တရားရုံးက အမှုမစစ်ဖြစ်တာမျိုးရှိတော့ ကျွန်တော်တို့အတွက် အချိန်၊ သွားလာရေး စရိတ်တွေ နစ်နာမှုရှိတယ်” ဟု ကျူးကျော်သူအဖြစ် စွပ်စွဲခံထားရသူ ဦးဝင်မာန် ကပြောသည်။

အဆိုပါအမှုသည် ရုံးချိန်းအကြိမ်ပေါင်း (၂၀) ရှိပြီးဖြစ်သော်လည်း တရားလိုဘက်မှ အကြိမ်ကြိမ်ပျက်ကွက်ခဲ့သည်ဟု အမှုရင်ဆိုင်နေရသူများက ပြောသည်။

မြေယာသိမ်းဆည်းခံရမှု ကူညီဆောင်ရွက်ပေးနေသည့် ဥပဒေပညာရှင် ဦးမြင့်သွင် က “ပြစ်မှုထဲမှာ ရဲအရေးမပိုင်တဲ့အမှုနဲ့ ရဲအရေးပိုင်တဲ့အမှုရှိတယ်။ ရဲအရေးပိုင်တဲ့အမှုဆိုရင်တော့ ရဲကဖမ်းဝရမ်း ထုတ်ပြီး ဖမ်းလို့ရတယ်။ ပြစ်မှုနဲ့စွဲထားတော့ တရားလိုသက်သေဘက်က ရုံးချိန်မလာရင် စွပ်စွဲခံထားရတဲ့ဘက် ကရှေ့နေ တရားသူကြီးကို အမှုမကြန့်ကြာအောင်ဆိုပြီးတော့ တရားလိုသက်သေကို ရုံးချိန်းလာပေးဖို့ တရားသူ ကြီးကို တွန်းအားပေးလို့ရတယ်” ဟု ပြောသည်။

မြေယာဧက (၃၅၀) ပေါ်တွင် နှစ်ပေါင်း ၂၀ ကျော် လုပ်ကိုင်စားသောက်လာခဲ့သည့် ဒေသခံရွာသား တောင်သူလယ်(၁၉)ဦးကို နေရပ်လိပ်စာမသိရသူ မွန်ပြည်နယ် စိုက်ပျိုးရေးမန်နေဂျာဟောင်း ဦးပေါ်ထွန်း ဆိုသူက ၄င်းပိုင်ဆိုင်သည်ဟုဆိုကာ ရေးမြို့နယ်၊ ခေါဇာမြို့၊ ရဲစခန်း၌ ၂၀၁၅ ဇန်နဝါရီလဆန်းပိုင်းတွင် လာရောက်အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အငြင်းပွားလှျက်ရှိနေသော အဆိုပါမြေယာတွင် ဒေသခံရွာသားတို့က ရာဘာပင်၊ ကွမ်းပင်နှင့် အခြားသီးနှံအပင်မျိုးစုံကို ဘိုးဘွားလက်ထက်အဆက်ဆက်မှ စိုက်ပျိုးလာခဲ့သော်လည်းယခုအခါ ပိုင်နက်ကျူးလွန်မှု ပုဒ်မ (၄၄၇)၊ ဆဲဆိုကြိမ်းမောင်းမှု ပုဒ်မ (၅၀၆) နှင့် အကျိုးပျက်စီးစေမှုပုဒ်မ (၂၄၉) တို့ဖြစ် တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။

အဆိုပါမြေယာဧရိယာသည် သစ်တောဦးစီးဌာန၏ မာန်အောင်သစ်တောကြိုးဝိုင်းအတွင်း တည်ရှိနေသဖြင့် သက်ဆိုင်ရာမှပြန်လည်သိမ်းယူခဲ့ပြီး လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းရှင်များထံ ပြန်လည်ရောင်းချခဲ့ကြောင်း ရွာသားများထံမှ သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.