Home သတင်း ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ်ခရီးစဉ် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ်ခရီးစဉ် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

လက်ရှိ ရာသီဥတု အခြေအနေ အလွန်ပူပြင်းနေခြင်းကြောင့် ယခုလအတွင်း မွန်ပြည်နယ်ကို လာရောက်မည့် အမျိူးသားဒီမိုကရေစီ အဖွဲချုပ်(NLD) ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း မွန်ပြည်နယ် (NLD)ပါတီမှ သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ် မွန်ပြည်နယ်ခရီးစဉ်(Internet)
ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ် မွန်ပြည်နယ်ခရီးစဉ်(Internet)

ထိုသို့ ရက်ရွှေ့ဆိုင်းလိုက်ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် လာမည့်အတွက် စီစဉ်ထားသည်များကို ပြန်လည်ဖျက်သိမ်းနေကြောင်း မွန်ပြည်နယ် NLD ပြန်ကြားရေးမှ ဦးအေးမင်းဟန် က ပြောသည်။

“ရာသီဥတု အရမ်းပူလို့ပါ၊ ဒါကြောင့် အမေ့ ခရီးစဉ်ကို ရက်ရွှေ့ဆိုင်းလိုက်တာပါ၊ ဘယ်နေ့ ဘယ်ရက် ပြန်လာမယ်လို့ လည်း အတိအကျ သတ်မှတ်ထားတာ မရှိသေးပါဘူး”ဟု ဦးအေးမင်းဟန် ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ယခုလ ၂၇ ရက်နေ့ မွန်ပြည်နယ်သို့ လာရောက်မည်ဆိုခြင်းကြောင့် မော်လမြိုင်မြို့နှင့် သံဖြူဇရပ်မြို့များတွင် ပောပြောပွဲများ ပြုလုပ်ရန် စီစဉ်ထားပြီး မြို့နယ်များတွင်လည်း ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ကို ကြိုဆိုရန် လက်ကမ်းစာစောင်များကို NLD ပါတီဝင်များက ဖြန့် ဝေခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ်ခရီးစဉ် ရက်ရွှေ့ဆိုင်းသည့် ကိစ္စနှင့် ပတ်သတ်၍ အမျိူးသားဒီမိုကရေစီ အဖွဲချုပ် မွန်ပြည်နယ် အနေဖြင့် တရားဝင် ထုတ်ပြန်သွားရန် အစီအစဉ် မရှိကြောင်း ပါတီ တာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။

မွန်ပြည်နယ် ခရီးစဉ် ရက်ရွှေ့ဆိုင်းခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် လည်း သက်ဆိုင်ကြောင်း ထို့ကြောင့် နားလည်ပေးရမည့် အခြေအနေဖြစ်ကြောင်း ကျိုက်မရော မြို့နယ် NLD မှ ဦးခင်ဇော်ဦးက ပြောသည်။

“ဒီတစ်ကြိမ်မလာဖြစ်ရင်လည်း နောက်တစ်ကြိမ် ကျွန်တော်တို့ ဖိတ်ဦးမှာပါ၊ အမေကျန်းမာရေးကြောင့် ဆိုတော့ ကျွန်တော်တို့ နားလည်ပေးပါတယ်၊နောက်တစ်ကြိမ်လာမယ်ဆိုရင် လည်း မိုးအကုန်လောက်မှဘဲ ဖြစ်နိုင်မှာပါ၊ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ မွန်ပြည်နယ်က မိုးများလို့ပါ”ဟု ဦးခင်ဇော်ဦး ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုလ အစောပိုင်းက လွှတ်တော်မှ ခွင့်ယူကာ ဆရာဝန်ထံ ကျန်းမာရေး စိစစ်မှုများခံယူခဲ့ပြီး ယခု လွှတ်တော် ပြန်လည် တက်ရောက်နေပြီဖြစ်သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.