Home သတင်း ဘုရားသုံးဆူမြို့ရှောင်လမ်း ဖောက်လုပ်ပေးမည်ဟု ထိုင်းနိုင်ငံ NEDA ကမ်းလှမ်းထား

ဘုရားသုံးဆူမြို့ရှောင်လမ်း ဖောက်လုပ်ပေးမည်ဟု ထိုင်းနိုင်ငံ NEDA ကမ်းလှမ်းထား

ဘုရားသုံးဆူမြို့ရှောင်လမ်းတည်ဆောက်ရေးဆွေးနွေးပွဲ(IMNA)

ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ရှောင်လမ်းပြုလုပ်ရန် မြန်မာကိုယ်စားလှယ် များအား ကမ်းလှမ်းထားကြောင်း ထိုင်းနိုင်ငံ Neighbouring Countring Economic Development Cooperation Agency- NEDA ဒုဥက္ကဌ Mr Teerasak Mongkolpod ပြောပြချက်အရ သိရသည်။

ဘုရားသုံးဆူမြို့၊ ထိုင်း-မြန်မာနယ်ခြားဖြတ်ကျော်ဂိတ်(ချက်ပွိုင့်)နေရာမှ ချောင်း ဆုံရွာအနီး မယ့်ကသာချောင်းကူးတံတားတစ်ခု အပါအဝင် ၂၁.၇ ကီလိုမီတာ(၁၃ မိုင်ခွဲ) ခန့်ရှည်လျားသည့် မော်တော်ကားလမ်းအတွက် ထိုင်းဘတ်ငွေ သန်း ၃၅၀ အကုန်အကျခံ ကူညီဆောက်လုပ်မည်ဟု ဆိုသည်။

“မြန်မာအစိုးရခွင့်ပြုတာနဲ့ တစ်လအတွင်းလုပ်ငန်းစတင်အကောင်အထည်ဖေါ်သွားပါမယ်” ဟု Mr Teerasak က မြန်မာအစိုးရ ကိုယ်စားလှယ်များနှင့် ဘုရားသုံးဆူမြို့တွင် တွေ့ဆုံဆွေးနွေးစဉ်ပြောကြားခဲ့သည်။

အဆိုပါ ဘုရားသုံးဆူမြို့ရှောင်လမ်းမတွင် လမ်းဘေး ရေနုတ်မြောင်း၊ ပလက်ဖေါင်း၊ ဓါတ်တိုင်များကိုလည်း ဆောက်လုပ်မည်ဟု ဆိုသည်။

“ဒီလမ်းဖြစ်မြောက်ဖို့အတွက် ကျနော်တို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကို တင်ပြမယ်၊ အစိုးရဆီကခွင့်ပြုချက်ကို စောင့်ဆိုင်းရပါမယ်” ဟု ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဒု-အင်ဂျင်နီယာချုပ်(တံတား) ဦးဝင်းလွင်က ရှင်းပြသည်။

အဆိုပါမြို့ရှောင်လမ်းသည် ဘုရားသုံးဆူမြို့၊ ထိုင်း-မြန်မာနယ်ခြားဖြတ်ကျော်ဂိတ်(ချက်ပွိုင့်)မှ လမ်းမကြီးအတိုင်း၊ ဒေါနလမ်းမှ မယ့်ကသာလမ်းမကြီး၊ တောင်ဝိုင်းအနီးမှ ရွာသစ်သို့ ဦးတည်ဖောက်လုပ်သွားရန် NEDA က အဆိုပြုထားသည်ကို တွေ့ရှိရသည်။

ဘုရားသုံးဆူမြို့ပေါ်ရှိ အမည်မဖေါ်လိုသူ ဌာနဆိုင်ရာအကြီးအကဲတစ်ဦးက “ဒီလမ်းပရောဂျက်ပြီးရင် ဒုတိယအစီအစဉ်က တောင်ဝိုင်းအနီးအနားမှာ အဝေးပြေးမော်တော်ကားဝင်းတစ်ခု၊ နယ်ခြားစစ်ဆေးရေးဂိတ်အပါအဝင် ရုံးအဆောက်အဦတွေလည်း ထိုင်းကဆောက်ပေးမယ်လို့ဆိုတယ်” ဟု ပြောသည်။

အဆိုပါ ဘုရားသုံးဆူမြို့ အဝေးပြေးမော်တော်ကားဝင်းအတွက် ထိုင်းဘတ်ငွေသန်း ၂၂၀ အကုန်ကျခံမည်ဟု NEDA မှသိရသည်။

အဆိုပါ ဘုရားသုံးဆူမြို့ရှောင်လမ်းတည်ဆောက်ရေးအတွက် ပြီးခဲ့သည့်နိုဝင်ဘာလ ၁ ရက်နေ့တွင် Mr Teerasak ဦးဆောင်သော NEDA ကိုယ်စားများနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဒု-အင်ဂျင်နီယာချုပ်(တံတား) ဦးဝင်းလွင်၊ လမ်းအထူးအဖွဲ့(၉) ဒု-အင်ဂျင်နီယာမှူးကြီး ဦးဆန်းလွင်၊ ကော့ကရိတ်ခရိုင်အင်ဂျင်နီယာမှူး ဦးစိုးဝင်းနှင့် ဘုရားသုံးဆူမြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မွန်ပြည်သစ်ပါတီ၊ ကေအဲန်ယူကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ထိုင်း-မြန်မာနယ်ခြား ကော်မတီဝင်များနှင့် ထိုင်းလုပ်ငန်းရှင်များ ဘုရားသုံးဆူမြို့ ထွေ/အုပ်ရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.