spot_img
Thursday, February 26, 2026
More
    spot_img
    Homeသတင်းမွန်ဓမ္မစေတီခေါင်းလောင်း ဂမ္ဘီရနည်းဖြင့် ဆယ်ယူမည့်အစီအစဉ် မွန်ပညာရှင်များ အယုံကြည်မရှိ

    မွန်ဓမ္မစေတီခေါင်းလောင်း ဂမ္ဘီရနည်းဖြင့် ဆယ်ယူမည့်အစီအစဉ် မွန်ပညာရှင်များ အယုံကြည်မရှိ

    -

    ဓမ္မစေတီခေါင်းလောင်းနစ်မြုပ်နေဟု ယူဆသောနေရာ(Internet)
    ဓမ္မစေတီခေါင်းလောင်းနစ်မြုပ်နေဟု ယူဆသောနေရာ(Internet)
    နှစ်ပေါင်း ၄၀ဝ ကျော်နစ်မြုပ်လျက်ရှိသော မွန်ဓမ္မစေတီခေါင်းလောင်းတော်ကြီးအား ဂမ္ဘီရနည်းဖြင့် ဆယ်ယူမည့်အစီအစဉ်ကို မိမိတို့ အယုံအကြည်မရှိဟု မွန်ရှေးဟောင်းသုတေသန ပညာရှင်နိုင်မောင်တိုးက လွတ်လပ်သော မွန်သတင်းအေဂျင်စီ (IMNA) သို့ ပြောသည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့တွင် မော်လမြိုင်မြို့ မွန်ဓမ္မာရုံ၌ ကျင်းပသော မွန်သမိုင်းသုတေသန အစည်းအဝေးတွင် ခေါင်းလောင်းဆယ်ယူခွင့်ရရှိသူ ဦးစံလင်းနှင့်အဖွဲ့က ဓမ္မစေတီခေါင်းလောင်း အတူတကွဆယ်ယူရန် စည်းရုံးပြောဆိုသော်လည်း မိမိအယုံအကြည်မရှိသဖြင့် မပူးပေါင်းနိုင်ဟုပြောဆိုခဲ့ကြောင်း နိုင်မောင်တိုးက ဆိုသည်။

    နိုင်မောင်တိုး က ” သိပံ္ပနည်းကျမဟုတ်ပဲ၊ ပရလောကနည်းလမ်းတွေ ဂမ္ဘီရနည်းလမ်းတွေ သုံးတယ်ဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ကျနော်တို့အယုံအကြည်မရှိဘူး” ဟု ပြောသည်။

    အဆိုပါ ဓမ္မစေတီခေါင်းလောင်းတော်ကို နဂါးသိုက်မှ စောင့်ရှောက်ထားသဖြင့် သိပံ္ပနည်းဖြင့်ဆယ်ယူပါက အောင်မြင်မှုမရနိုင်၊ နဂါးအကူအညီဖြင့် ဆယ်ယူရမည်ဖြစ်သောကြောင့် ရေကြီးချိန် ရေစီးအားသန်ချိန် မိုးတွင်းကာလရွေးချယ်ရခြင်းဖြစ်သည်ဟု ဦးစံလင်းက လွတ်လပ်သော မွန်သတင်းအေဂျင်စီ (IMNA) သို့ ပြောသည်။

    ဦးစံလင်းက “ဝါခေါင်လဆန်း ၁၃ ရက်မှာ ဘုရား အနေကဇာတင်မယ်၊ ၁၄ ရက်မှာ တူးဖို့လုပ်ငန်းစမယ်၊ လပြည့်ကျော် နောက်ပိုင်းမှာ လက်ဆုပ်လက်ကိုင် ပြနိ်ုင်မယ်” ဟု ပြောသည်။

    ဓမ္မစေတီခေါင်းလောင်းအား ၁၉၉၇ ခုနှစ် ဇွန်လ (၁၀)ရက်နေ့၊ ၁၉၉၈ ဇွန် (၂၆) ရက်၊ ၁၉၉၈ အောက်တိုဘာလ (၁၃)ရက်၊ ၁၉၉၉ ခုနှစ် သြဂုတ်လ (၁၃) ရက်၊ ၂၀ဝ၀ ခုနှစ် ဇူလိုင်လ (၅) ရက်နေ့တွင် (၅ )ကြိမ်တိုင်တိုင် ဦးစံလင်းက ကြိုးစားဆယ်ယူခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။

    လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ဝ ကျော်ခန့်က မွန်ဘုရင်ဓမ္မစေတီမင်း လှူဒါန်းခဲ့သော ဓမ္မစေတီခေါင်းလောင်း မူလနေရာဖြစ်သော ရွှေတိဂုံစေတီကုန်းတော်ပေါ် ပြန်လည်ထားရှိနိုင်ရန် ရည်ရွယ်ပြီး ဆယ်ယူရခြင်းဖြစ်သည်ဟု ဦးစံလင်း ကပြောသည်။

    ဓမ္မစေတီခေါင်းလောင်းတော်သည် အလေးချိန် ၁,၈၀,ဝဝဝ ပိဿာ (တန်ချိန် ၂၉၀) အတိုင်းအတာ အဝ(၈)တောင်၊ စောက်(၁၂) တောင် သွန်းလုပ်သည့်နေ့ ကောဇာသက္ကရာဇ် (၈၃၇) ခုနှစ်၊ တပေါင်းလဆန်း (၈)ရက်၊ ရွှေတိဂုံစေတီတော်သို့ တင်လှူသည့်နေ့ ကောဇာသက္ကရာဇ် (၈၃၈) ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ဟု သမိုင်းမှတ်တမ်းများတွင် ဖေါ်ပြခဲ့သည်။

    ၁၆ ရာစုခန့်တွင် ပေါ်တူဂီလူမျိုး ဒီဗရစ်တို (ခေါ်) ငဇင်ကာက ရွှေတိဂုံ ဘုရားကုန်းတော်ပေါ်မှ ဓမ္မစေတီ ခေါင်းလောင်းကြီးကို အဓမ္မယူဆောင်သွားပြီးနောက် ဖောင်ဖြင့်သယ်ယူစဉ် ရန်ကုန်မြစ်၊ ပုဇွန်တောင်ချောင်းနှင့် ပဲခူးမြစ် သုံးခုဆုံရာအရပ်တွင် နစ်မြှုပ်ခဲ့ကြောင့် သမိုင်းမှတ်တမ်း တချို့တွင် ဖော်ပြထားသည်။

    မွန်အမျိုးသားတို့၏သမိုင်းအမွေ ဓမ္မစေတီခေါင်းလောင်းကြီးကို ရှာဖွေ ဆယ်ယူရာတွင် ပုဂ္ဂိုလ်တဦးတယောက်၏ ဦးဆောင်မှုဖြင့် မဟုတ်ဘဲ နိုင်ငံတော် အစိုးရ၏ ဦးဆောင်မှုဖြင့် လုပ်ဆောင်စေလိုကြောင်း မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်မြို့၊ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    ပြည်ထောင်စုအစိုးရအဖွဲ့ သဘောတူညီချက်ဖြင့် ဦးစံလင်းကို ဓမ္မစေတီခေါင်းလောင်းအား ရက်အကန့်အသတ်မရှိ တူးဖော်ရှာဖွေခွင့်ပြုချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၄ ရက်တွင် ခွင့်ပြုချက်ပေးခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks