Homeသတင်းဘန်ကောက်ဝပ်ပရွတ် မွန်ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

ဘန်ကောက်ဝပ်ပရွတ် မွန်ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

-

ဝပ်ပရွတ်ဆရာတော်ဝိဇျှာန်(Facebook)
ဝပ်ပရွတ်ဆရာတော်ဝိဇျှာန်(Facebook)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ယန်နဝါရပ်ကွက်ရှိ ဝပ်ပရွတ် Wat Prok အထင်ကရမွန်ဘုန်းတော်ကြီးကျောင်းထိုင် ဆရာတော် ဝိဇျှာန် (ဝါ) မွန်အသျှင်ဝိမလ ဇယဓမ္မ (ဝါ) ဝိဇျှာယ ဓမ္မော ဝါတော် (၅၆) သက်တော် (၇၆) နှစ်သည် ဇူလိုင်လ ၂၇ ရက်နေ့ ဒေသစံတော်ချိန်ည ၉ နာရီအချိန်၌ ဘန်ကောက်မြို့၊ ချောင်ဖရာဆေးရုံ Chaophya Hospital တွင် ပျံလွန်မူခဲ့သည်။

ဆရာတော်သည် ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါ နှစ်ရှည်ခံစားနေရသူဖြစ်ကြောင်း ဆရာတော်၏ တပည့်တော်စပ်သူ နိုင်ဝံသက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

“ဘုရင့်မျက်နှာနန်းတော်အတွက် ပရိတ်ရွတ်အခမ်းအနားသဘင်ကိုသွားခဲ့ပြီး နေမကောင်းဖြစ်တာနဲ့ ဆေးရုံတက်လိုက်ရတယ်” ဟု နိုင်ဝံသက ပြောသည်။

ထိုင်းဘုရင်မင်းမြတ်ကိုယ်းကွယ်ရာ ဝပ်ချနစွန်ခရမ် Watchanasornkram ဘုန်းတော်ကြီးကျောင်း၌ ဘုရင့်နန်းတော်၏အစဉ်အလာရှိသည့်အတိုင်း နံနက်စောစောပိုင်းတွင် မွန်ဘာသာဖြင့်ပရိတ်ရွတ်ဖတ်ပြီးနောက် ဆေးရုံတင်လိုက်သည်ဟု ဆိုသည်။

နိုင်ဝံသက “ဆရာတော်ရဲ့ကြွင်းကျန်ရုပ်ကလာပ်ကို ဇူလိုင်လ ၃၀ ရက်နေ့မှာ ဝပ်ပရွတ်ကျောင်းကို ယူဆောင်လာခဲ့မယ်၊ ဒီကဓလေ့အရ ရက်ပေါင်း ၁၀ဝ အထိပူဇော်ပြီး မီးသင်္ဂြိုလ်အခမ်းအနားလုပ်မယ်ထင်တာပဲ၊ လောလောဆယ်မှာ တိကျတဲ့ဆုံးဖြတ်ချက် မရသေးဘူး” ဟု ဆက်ပြောသည်။

ဆရာတော်ဝိဇျှာန်သည် ဝပ်ပရွတ်ကျောင်းထိုင်ဆရာတော်အဖြစ် ပျံလွန်တော်မူအထိ ၃၃ နှစ်ကြာ သာသနာ့တာဝန်ထမ်းခဲ့စဉ်ကာလ၌ ဝပ်ပရွတ်ဘုန်းတော်ကြီးကျောင်းသည် ဘန်ကောက်ရောက် မွန်လူမျိုးများ ခေတ္တတည်းခို၊ ဆုံစည်းရာ နေရာတစ်ခုဖြစ်ခဲ့သည်ဟု ညီတော်စပ်သူ နိုင်ကလော ပြောပြချက်အရ သိရသည်။

“မွန်အမျိုးသားရေး၊ လူမှုရေး၊ သာသနာရေးမှာပဲ အမြဲပဲလှုပ်ရှားနေတော့ ဆရာတော်ဝိဇျှာန်နာမည်နဲ့ ဝပ်ပရွတ်ကျောင်းဆိုရင် ဘန်ကောက်ရောက်ဘူးတဲ့ မွန်တိုင်းလိုလိုသိကြပါတယ်၊ အများအားဖြင့် ၈၈ နောက်ပိုင်းမှာ မွန်ကျောင်းသားတွေ၊ မွန်တော်လှန်ရေးသမားတွေ ဘန်ကောက်ရောက်ရင် အမြဲတမ်းလာရောက် တည်းခိုတဲ့နေရာတစ်ခုပေါ့” ဟု သူက ဆက်ပြောသည်။

ဆရာတော်ဝိဇျှာန်၏ မူလဇာတိမှာ မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာနေ ဖခမည်းတော် နိုင်ပူး၊ မယ်တော် မိလော့ တို့၏မွေးချင်း ၆ ဦးအနက် ပဉ္စမမြောက်သားတော်ဖြစ်ပြီး ငယ်နာမည် မင်းယိုင်း ဖြစ်သည်။
အသက် ၂၀ မပြည့်မီ ရှင်သာဝဏေဘဝတွင် မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာ၌ မွန်ပထမပြန်ဖြေဆိုအောင်မြင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ ပြောင်းရွေ့သီတင်းသုံးခဲ့ကြောင်း ညီတော်စပ်သူပြောပြချက်အရ သိရသည်။

ဆရာတော်သည် ၁၉၅၈ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ ဝပ်စေတီထောင်(ရွှေစေတီ) မွန်ဘုန်းတော်ကြီးကျောင်း၌ ရှင်သာဝဏေဘဝမှ ရဟန်းဘဝသို့ ခံယူခဲ့ပြီးနောက် ၂ ဝါမြောက်သည့်အခါ ယခင်ကျောင်းထိုင်ဆရာတော်၏ ပင့်ဖိတ်ချက်အရ ဝပ်ပရွတ်လက်ထောက်ကျောင်းထိုင်ဆရာတော်ဖြစ်ခဲ့ပြီး ၁၉၈၁ တွင် ဝပ်ပရွတ်ကျောင်းထိုင်ဆရာတော်အဖြစ် လွှဲအပ်ခြင်းခံရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts