Homeသတင်းစင်ကာပူမွန်အသင်း တတိယကြိမ်မြောက် စာပေဟောပြောပွဲ ကျင်းပမည်

စင်ကာပူမွန်အသင်း တတိယကြိမ်မြောက် စာပေဟောပြောပွဲ ကျင်းပမည်

-

စင်ကာပူမွန်အသင်း၏ စာပေဟောပြောပွဲပိုစတာ(Copy)
စင်ကာပူမွန်အသင်း၏ စာပေဟောပြောပွဲပိုစတာ(Copy)
စင်ကာပူနိုင်ငံအခြေစိုက် (Mon Friendship Association Singapore) မွန်မိတ်သဟာယအသင်း ကြီးမှူး၍ တတိယအကြိမ်မြောက် စာပေဟောပြောပွဲအခမ်းအနားတစ်ရပ်ကို လာမည့် သြဂုတ်လ ၉ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်သွားမည်။

မွန်ဒေသအခြေပြု နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စာမျက်နှာများတွင် ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုများကို ထင်ရှားသော ဦးဆောင်ဦးရွက်ပြုနေကြသည့်ပုဂ္ဂိုလ်များ၏ ဟောပြောချက်များနှင့်အတူ အမေးအဖြေ ကဏ္ဍများလည်း ပါဝင်သည်ဟု အဆိုပါကျင်းပရေးကော်မတီ ကြေညာချက်တွင် ဖေါ်ပြထားသည်။

အခမ်းအနားဖြစ်မြောက်ရေး ဒုတာဝန်ခံ နိုင်ချမ်းပိုင်က “ဒီနှစ်ဟောပြောပွဲရဲ့ ထူးခြားမှုက လက်ရှိမွန်လူမျိုးတွေအတွက် စွမ်းစွမ်းတမံ လှုပ်ရှားတာဝန်ထမ်း ဆောင်နေဆဲဖြစ်တဲ့ မွန်ခေါင်းဆောင် နိုင်ဟံသာဟာ နိုင်ငံရေးမှာ အလုပ်များနေတဲ့ကြားက လက်ခံဟောပြော ပေးတာကို သိပ်ကိုထူးခြားတယ်လို့ယူဆတယ်၊ အရမ်းလည်းဝမ်းသာမိတယ်” ဟု ပြောသည်။

အဆိုပါ ဟောပြောပွဲသို့ မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နိုင်ဟံသာက “တိုင်းရင်းသားများညီညွတ်ရေးနှင့် တိုင်းပြည်အနာဂတ်အခြေအနေ”၊ မွန်ပြည်နယ်အငြိမ်းစားပြတိုက်မှူး နိုင်ခင်မောင်လေးက “မွန်လူမျိုးတို့၏အတိတ် ၊ ပစ္စုပ္ပန် နှင့် အနာဂတ်ပညာရေး”နှင့် ဒေါက်တာ နိုင်ခင်မောင်ညို(ဘောဂဗေဒ)က “ဘဝထဲမှာ သုတပညာရှာဖွေခြင်း” စသည့်ခေါင်းစဉ်အသီးသီးဖြင့် ဦးဆောင်ဆွေးနွေးကြမည် ဖြစ်သည်။

ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ စင်ကာပူရောက် မွန်အမျိုးသားများအပါအဝင် မြန်မာနိုင်ငံသားများအားလုံး နိုင်ငံရပ်ခြားတွင်နေထိုင်ရင်း မိမိတို့မွေးရပ်နိုင်ငံတွင် ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများကို မျက်ခြေမပြတ်စေရန်နှင့် ထိုသို့တိုးတက်ပြောင်းလဲမှုများအတွက် မိမိတို့ကိုယ်စီကိုယ်ငှ ထောက်ပံ့ပေးနိုင်စွမ်းမှုအခြေအနေကို သိရှိစေရန်ဖြစ်သည်ဟု နိုင်ချမ်းပိုင်က ဆိုသည်။

ယင်း အခမ်းအနားကို လာမည့် သြဂုတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီမှ ၃ နာရီခွဲအထိ Foo Chow Building, 21 Tyrwhitt Road, Singapore 207530, Lavender MRT Station.နေရာ၌ ကျင်းပသွားမည် ဖြစ်သည်။

“ဒီဟောပြောပွဲအတွက် ဖိတ်စာတွေကို မွန်လူမျိုးတွေ၊ မြန်မာတိုင်းရင်းသားညီအစ်ကိုယ်ရှိတဲ့နေရာတွေမှာ အဆက်အသွယ်ရယူပြီး ကျနော်တို့လိုက်ဝေနေတုန်းဘဲ၊ ဦးရေဘယ်လောက် တက်ရောက်ကြမှာကိုတော့ အတိအကျ မပြောနိုင် သေးဘူး” ဟု မွန်မိတ်သဟာယအသင်း အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မွန်မိတ်ဆွေသူငယ်ချင်းများ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ တက်ရောက်ကြရန် စင်ကာပူမွန်မိသားစုမှ ဖိတ်ကြားထားပြီး တက်ရောက်လာသူများ ဝင်ကြေးပေးစရာမလိုသည့်အပြင် အစားအသောက်များကိုလည်း ဧည့်ခံကျွေးမွေးမည်ဟု ဆိုသည်။

မွန်ညီအကိုမောင်နှမများစုပေါင်းကာ လူဦးရေ ၅၀ဝ ခန့်ဖွဲ့စည်းထားသော စင်္ကာပူနိုင်ငံအခြေစိုက် (Mon Friendship Association Singapore)မွန်မိတ်သဟာယအသင်းကို ၂၀ဝ၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ယခုအခါ ၁၂ နှစ်သက်တမ်းရှိခဲ့ပြီဖြစ်သည်။

မွန်မိတ်သဟာယအသင်းသည် အလားတူ စာပေဟောပြောပွဲများကို ၂၀၁၂ ခုနှစ်တွင် တစ်နှစ်တစ်ကြိမ် စတင်ကျင်းပခဲ့ပြီး ယခုအခါ တတိယကြိမ်မြောက်ပြုလုပ်ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts