Monday, May 11, 2026
More
    spot_img
    Homeသတင်းမွန်နှစ်ပါတီညှိနှိုင်းရေးအဖွဲ့ ရှင်းလင်းပွဲပြုလုပ်မည်

    မွန်နှစ်ပါတီညှိနှိုင်းရေးအဖွဲ့ ရှင်းလင်းပွဲပြုလုပ်မည်

    -

    မွန် ၂ ပါတီဆွေးနွေးပွဲမှတ်တမ်း(IMNA)
    မွန် ၂ ပါတီဆွေးနွေးပွဲမှတ်တမ်း(IMNA)
    မင်းသုတ – သံဃာတော်များဦးစီးသည့် မွန်နှစ်ပါတီညှိနှိုင်းရေးအဖွဲ့က အနယ်နယ်အရပ်ရပ်မှ မွန်ပြည်သူများအား ဘိတ်ကြား၍ မော်လမြိုင်မြို့၊ သာသနာ ၂၅၀ဝ ဘုန်းတော်ကြီးကျောင်း၌ ဇူလိုင်လ ၈ ရက်နေ့တွင် ရှင်းလင်းပွဲပြုလုပ်မည်ဟု သိရသည်။

    မွန်အမျိုးသားစည်းလုံးညီညွတ်ရေးကိုရှေးရှုလျက် ၂ နှစ်ကျော်ကာလအတွင်း ပါတီပေါင်းစည်းရေးကြိုးပမ်းခဲ့စဉ် ကြုံတွေ့ခဲ့ရသောဖြစ်စဉ်များအား မွန်လူထုကိုအသိပေးခြင်းဖြစ်ကြောင်း မွန်နှစ်ပါတီညှိနှိုင်းရေးအဖွဲ့ ဒုဥက္ကဌ သံဖြူဇရပ်မြို့၊ နန္ဒဝိုန်ပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် အသျှင်ခေမာနန္ဒက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ မိန့်ဆိုသည်။

    “ဦးပဉ္ဇင်းတို့တွေ့ရှိချက်တွေကို အားလုံးသိရှိအောင် ရှင်းပြမယ်၊ သံဃာတော်တွေရှေ့မှောက်မှာ ပြုထားတဲ့ကတိတွေအတိုင်း မွန် ၂ ပါတီစလုံး မလိုက်နာခဲ့တာတွေ ရှိခဲ့တယ်” ဟု အသျှင်ခေမာနန္ဒက မိန့်သည်။

    ၂၀၁၄ ဒီဇင်ဘာလနောက်ဆုံးထား၍ မွန် ၂ ပါတီပေါင်းစည်းသွားရန် သဘောတူညီချက်ကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက မူလတွင်သဘောတူလက်မှတ်ရေးထိုးခဲ့သော်လည်း နောက်ပိုင်း၌ပျက်ပြယ်ခဲ့သည်ဟု ဆရာတော်က ထောက်ပြသည်။

    ဆရာတော်က “မွန်အမျိုးသားပါတီဘက်ကလည်း အသက်ကြီးခေါင်းဆောင်တွေ နာယကလုပ်မယ်၊ ခေါင်းဆောင်ပိုင်းတွေမှာ အမျိုးသမီး ၂၅ ရာနှုန်း၊ လူငယ်လူသစ်တွေ ၂၅ ရာနှုန်းပါဝင်ဖို့ကတိပေးထားပြန်တယ်၊ လက်တွေ့မှာ ဘာမှအကောင်အထည်မပေါ်သေးဘူး” ဟု ဆက်လက်မိန့်ဆိုသည်။

    ထို့အပြင် မွန်အမျိုးသားဒီမိုကရေစီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဗဟိုကော်မတီဝင် ၂၁ ဦးစီ၊ စုစုပေါင်း ဗဟိုကော်မတီဝင် ၄၂ ဦးဖြင့် မွန်အမျိုးသားပါတီ ဖွဲ့စည်းသွားရန်ဆုံးဖြတ်ချက်ကိုလည်း အကောင်အထည်မဖေါ်နိုင်ခဲ့ဟု ဆရာတော်က ထောက်ပြသည်။

    မွန်အမျိုးသားပါတီ ဒုဥက္ကဌနိုင်တင်အောင်က “ဆရာတော်တွေရဲ့ ရှင်းလင်းပွဲကို ကျန်းမာရေးချို့တဲ့သူကလွဲရင် ကျနော်တို့ပါတီခေါင်းဆောင်တွေအားလုံး တက်ပါမယ်၊ ဘာကိစ္စတွေ ဘယ်လိုရှင်းမယ်ဆိုတာကို နက်ဖြန်မှသိပါလိမ့်မယ်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။
    မွန်နှစ်ပါတီညှိနှိုင်းရေးအဖွဲ့ဆရာတော်များနှင့် မွန်အမျိုးသားပါတီခေါင်းဆောင်အချို့ ပြီးခဲ့သည့်စနေနေ့တွင် မော်လမြိုင်မြို့ ဓါတုမာလာတွေ့ဆုံဆွေးခဲ့ရာ မွန်ဆရာတော်များ၏ လမ်းညွှန်မှုကို မွန်အမျိုးသားပါတီ ဆက်လက်ခံယူသွားမည်ဟု နိုင်တင်အောင်က ဆိုသည်။

    အသျှင်ခေမာနန္ဒက “ဆရာတော်တွေရဲ့ကြိုးပမ်းဆောင်ရွက်ချက်တွေကို မွန်ပါတီတွေ အသိအမှတ်မပြုဘူးဆိုရင်တော့ မွန်နှစ်ပါတီညှိနှိုင်းရေးအဖွဲ့ကို ဖျက်သိမ်းရပါမယ်၊ နက်ဖြန်မှာ တိကျတဲ့ဆုံးဖြတ်ချက်ထွက်လာပါလိမ့်မယ်” ဟု မိန့်ဆိုသည်။

    မွန်သံဃာတော်များဦးစီး၍ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီပါတီတို့ပေါင်းစည်းနိုင်ရေးအတွက် မွန်နှစ်ပါတီညှိနှိုင်းရေးအဖွဲ့ကို ၂၀၁၂ ခုနှစ်ဆန်းပိုင်းတွင် စတင်ဖွဲ့စည်းပြီး တစ်လလျှင်တစ်ကြိမ် ဆွေးနွေးပွဲများ ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ၂၀၁၀ခုနှစ်၊ ဧပြီလ ၇ရက်နေ့တွင် စတင်ဖွဲ့စည်းပြီး ၂၀၁၀ ရွေး ကောက်ပွဲ၌ ကိုယ်စားလှယ် ၃၄ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာအမတ် ၁၆ ဦးအနိုင်ရရှိထားသည့်ပါတီ ဖြစ်သည်။

    ၁၉၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF သည် ၂၀၁၀ ၌ပါတီမှတ်ပုံမတင် ရွေးကောက်ပွဲမဝင်ခဲ့သော်လည်း နောက်ပိုင်း၌ မွန်ဒီမိုကရေစီပါတီအမည်ဖြင့် ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်ထံ မှတ်ပုံတင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် တရားဝင်ပါတီဖြစ်လာသည့်အတွက် မွန် ၂ ပါတီဖြစ်ပေါ်လာသည်ကို တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks