Homeသတင်းသံဖြူဇရပ်မြို့နယ် မွန်လူငယ်အဖွဲ့အလုပ်အမှုဆောင် ပြန်လည်ရွေးချယ်

သံဖြူဇရပ်မြို့နယ် မွန်လူငယ်အဖွဲ့အလုပ်အမှုဆောင် ပြန်လည်ရွေးချယ်

-

မွန်လူငယ်များညီလာခံတစ်ခု(IMNA)
မွန်လူငယ်များညီလာခံတစ်ခု(IMNA)
အေမီအောင် – သံဖြူဇရပ်မြို့နယ်၊ မွန်လူငယ်အဖွဲ့ MYO (Mon Youths Organization) အလုပ်အမှုဆောင်အဖွဲ့ကို ဇူလိုင်လ ၆ ရက်နေ့တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ ကျုံကရုတ်ကျေးရွာ၊ ကျုံကရုတ်ဘုန်းတော်ကြီးကျောင်း၌ ပြန်လည်ရွေးချယ်ခဲ့သည်ဟု သိရသည်။

အဆိုပါ အခမ်းအနားသို့ သံဖြူဇရပ်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၆ ရွာမှကိုယ်စားလှယ်များ အင်အား ၁၀ဝ ကျော်ခန့် တက်ရောက်ခဲ့ကြသည်ဟု သံဖြူဇရပ်မြို့နယ်၊ မွန်လူငယ်အဖွဲ့ MYO အတွင်းရေးမှူး(၁) မင်းဇာနည်ဟိန်းက လွတ်လပ်သော မွန်သတင်းအေဂျင်စီ (IMNA) သို့ ပြောသည်။

မင်းဇာနည်ဟိန်း က ” ရွာတွေအားလုံး ကိုယ်စားလှယ်မစုံသေးတော့ အတွင်းရေးမှုး ၁ နဲ့ ၂ ကိုပဲ ရွေးရသေးတယ်။ ဇူလိုင်လ နောက်ဆုံးအပတ်မှာအတွင်းရေးမှူး ၃ နဲ့ ၄ ကို ဆက်ပြီးရွေးချယ်သွားမယ်” ဟု ဆိုသည်။

လက်ရှိတွင် အတွင်းရေးမှုး (၁) မင်းဇာနည်ဟိန်း၊ အတွင်းရေးမှုး(၂) မင်းအောင်ချမ်းကို ရွေးချယ်ခဲ့သည်ဟု သိရသည်။

ကျေးရွာအသီးသီးရှိ လူမှုအဖွဲ့အစည်း CBO များကို အခြေခံဖွဲ့စည်းထားပြီး၊ ကျေးရွာတစ်ရွာလျှင် ၂ ယောက်နှုန်းဖြင့် မြို့နယ်အလုပ်အမှုဆောင် EC ကို မဲစနစ်ဖြင့်ရွေးချယ်ခဲ့သည်ဟု သူကဆက်ပြောသည်။

အဆိုပါ သံဖြူဇရပ်မြို့နယ်၊ မွန်လူငယ်အဖွဲ့ MYO အား ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကျေးရွာပေါင်း ၄၀ ဝန်းကျင်မှ လူငယ်အင်အား ၆၀ဝ ကျော်ခန့် ပါဝင်လျှက်ရှိသည်။

မွန်လူငယ်အဖွဲ့ MYO သည် မွန်စာပေယဉ်ကျေးမှု၊ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့် မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အဓိကလုပ်ဆောင်သွားမည်ဟု အဖွဲ့၏ရည်ရွယ်ချက်တွင် ဖေါ်ပြထားပြီး လက်ရှိအစိုးရကျောင်းများတွင် မွန်စာသင်ကြားရေးအတွက် ကျေးရွာ ၄၀ တွင် ပြင်ဆင်နေသည်ဟု သိရသည်။

အလားတူ မုဒုံ၊ ကျိုက္ကမရော၊ ရေးစသောမြိူ့နယ်များရှိ MYO လူငယ်အဖွဲ့အစည်းများနှင့် အဆက်အသွယ်ရယူလျှက် Networking များဖြင့် ဆက်သွယ်လှုပ်ရှားသွားမည်ဟု သိရသည်။

၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းကာလများတွင် အနယ်နယ်အရပ်ရပ်ရှိ မွန်လူငယ်များအနေဖြင့် မွန်လူငယ်ဖိုရမ်၊ မွန်လူငယ်ဖေါင်ဒေးရှင်း၊ တိုးတက်သောမွန်လူငယ်များအစည်းအရုံး၊ မွန်စာပေယဉ်ကျေးမှုကော်မတီ စသည့်လူမှုအဖွဲ့အစည်းများတွင် အစုအဖွဲ့အလိုက်ပါဝင်လှုပ်ရှားလာသည်ကို တွေ့ရှိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts