Homeသတင်းမွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဗဟိုညီလာခံ ကျင်းပရန် စီစဉ်

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဗဟိုညီလာခံ ကျင်းပရန် စီစဉ်

-

AMDP ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကျင်းပစဉ်(Facebook)
AMDP ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကျင်းပစဉ်(Facebook)
အေမီအောင် – မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ၏ ဗဟိုညီလာခံအစည်းအဝေးကို မေလ ၂၄ မှ ၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သံလွင်ဥယာဉ် ပန်းခြံရှိ New Sky ဟိုတယ်၌ ကျင်းပရန်စီစဉ်နေသည်ဟု ဗဟိုအလုပ်မှုဆောင်ကော်မတီထံဝင် မင်းဝဏ္ဏကြီးက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

ကိုဝဏ္ဏကြီး က” ဗဟိုညီလာခံမှာစာတမ်း ၂ စောင်တင်ပြမယ်။ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် (CEC) သစ် ဥက္ကဌ၊ အတွင်းရေးမှူးတွေကိုလည် အသစ်ရွေးချယ်သွားမယ်” ဟု ပြောသည်။

ညီလာခံသို့တင်ပြမည့်စာတမ်း ၂ စောင်တွင် မွန်နှစ်ပါတီပေါင်းစည်းရေးစာတမ်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုး နှင့်၂၀၁၅ ရွေးကောက်ပွဲစာတမ်းကို ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နိုင်ကျန်ရစ် တို့က ဖတ်ကြားတင်သွင်းမည်ဟု သိရသည်။

ဒေါက်တာဗညားအောင်မိုးက ” မွန် ၂ ပါတီ ဘယ်အချိန်မှာ ဘယ်လိုပေါင်းသွားရမှာလဲ၊ ပေါင်းလို့ရမရ၊ ရှေ့ဆက် ဘယ်လိုလက်တွဲပြီးလုပ်သွားရမလဲ ဆိုတာကို ကျနော်တို့ပါတီဝင်တွေကို ရှင်းပြသွားမယ်” ဟု ပြောသည်။

ထို ညီလာခံအစည်းအဝေးတွင် လစ်လပ်နေသည့်ပါတီခေါင်းဆောင်များထပ်မံဖြည့်စွက်ရွေးချယ်ခြင်း၊ ပါတီ၏မူဝါဒလမ်းစဉ်များကို မိမိပါတီဝင်များ ပိုမိုသိရှိနားလည်စေရန်ရည်ရွယ်ပြီး ညီလာခံပြုလုပ်သည်ဟု ဆိုသည်။

ညီလာခံတက်ရောက်မည့်ကိုယ်စားလှယ်များမှာ မွန်ပြည်နယ် (၇) မြို့နယ်မှ တစ်မြို့နယ်လျှင် (၁၅) ဦး၊ ကရင်ပြည်နယ် ကော့ကရိတ်မြို့၊ ဖားအံမြို့၊ ကြာအင်းဆိပ်ကြီးမြို့များမှ (၃၀)ဦး၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေဖြူမြို့နယ်မှ ကော့သောင်းမြို့နယ်အထိ (၁၅) ဦး၊ ဗဟိုကော်မတီ CC မှ ကိုယ်စားလှယ် (၄၀) ဦး စုစုပေါင်း ကိုယ်စားလှယ် ၂၀ဝ ခန့် တက်ရောက်ရန် စီစဉ်ထားသည်ဟု သိရသည်။

AMDP ပါတီသည် ၂၀၁၀ ခုနှစ် မေလ ၂၃ ရက်နေ့တွင် တရားဝင်ပါတီဝင်ဖြစ်ခဲ့ပြီးနောက် ယခုအကြိမ်တွင်ပါတီညီလာခံကျင်းပခြင်းသည် ပထမအကြိမ်ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts