မြန်မာ့တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ မကြာသေးမီ လပိုင်းများအတွင်း ပြန်လည်ကြားယောင်ခဲ့ရသည်မှာ ယခင်စစ်အစိုးရလက်ထက်ကဲ့သို့ပင် ဖြစ်သည်။ စစ်တပ်၏ လယ်မြေသိမ်းကိစ္စများသာမက တိုင်းရင်းသူများအပေါ် မုဒိန်းကျင့်ကြံမှုများကိုလည်း ထပ်မံ ကြားသိခဲ့ရလေသည်။ ရေးမြို့နယ်တောင်ပိုင်း ကျုံညဲကျေးရွာ မွန်ကျောင်းသူ ၁၄ နှစ်အရွယ်မိန်းခလေးငယ်တစ်ဦးအား မုဒိန်းမှုကျူးလွန်ခဲ့ပြီးနောက် မကြာမီတွင် သံဖြူဇရပ်မြို့နယ်တွင် တပ်မတော်သားတစ်ဦးက ဒေသခံမွန်တိုင်းရင်းသူတစ်ဦးကို မုဒိန်းကျင့်ရန် ကြံစည်အားထုတ်ခဲ့ပြန်သည်။ ယခင်စစ်အစိုးရလက်ထက်က အလားတူကျူးလွန်ခဲ့သော ဖြစ်ရပ်များကြောင့် ပြည်သူများခါးစည်းစွာ ခံစားခဲ့ရလေသည်။ ယင်းကဲ့သို့လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အမှန်တရားများ ဆိတ်သုဉ်းခဲ့ရလေသည်။
လက်ရှိမြန်မာ့ခေါင်းဆောင်များက မြန်မာ့နိုင်ငံအပြောင်းအလဲပြုလုပ်နေပြီဟုဆိုသော်ငြား စစ်အုပ်စုအတွင်း အလှည့်အပြောင်းများမလိုလားကြောင်း အထက်ပါဖြစ်စဉ်များက သက်သေများပင်တည်း။ စစ်အုပ်စုများက ယခင်စစ်အာဏာရှင်အုပ်စိုးစဉ်ကာလအတိုင်းပင် အာဏာကိုဖက်တွယ်ထားလိုပြီး အပြောင်းအလဲနောက်သို့ မလိုက်ပါလိုသည်ကို ရှုမြင်နိုင်သလို လက်ရှိနိုင်ငံရေးအချိုးအကွေ့နှောက်နှေးစေရန် ဖန်တီးနေသည်ဟုလည်း ဆိုရပါမည်။
အာဏာရှင်ဘဝသက်တမ်းရှည်ကြာခဲ့သော မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံတော်၏အာဏာအရပ်ရပ်ကို ရာသက်ပန်ဆုပ်ကိုင်ထားလိုသည်။ စစ်တပ်အနေဖြင့် ၁၉၆၂ ခုနှစ်မှ ၂၀၁၀ ခုနှစ်တိုင် အာဏာကိုလုယက်ယူခဲ့သည်မှာ ထင်ရှားသောသမိုင်းသက်သေပင် ဖြစ်သည်။ ထို့ကြောင့် အာရှတွင်အချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံသည် ၁၉၈၈ တွင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ရောက်သည်အထိ ဆင်းရဲတွင်းနက်သို့ တပ်မတော်က ပို့ဆောင်ခဲ့သည်မဟုတ်ပေလော။
တဖန် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း အနှစ် ၂၀ ကျော် ဆက်လက်အုပ်ချုပ်ခဲ့စဉ်ကာလအတွင်း ပြည်သူများအားဆင်းရဲတွင်းထဲ နက်သထက်ပိုနက်စေခဲ့ပြီး တဖက်တွင် စစ်ဘုရင်များသာ အခွင့်ထူးခံစားကြရလေသည်။ ထိုနောက် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသည့်အခါ တပ်မတော်၏အခန်းကဏ္ဍကို ပိုမိုအလေးပေးထားသည်တွေ့ရှိရသည်။ ရည်ရွယ်ချက်ကား တပ်မတော်ကသာ အာဏာအရပ်ရပ်ကို ရေရှည်ဆက်လက် ချုပ်ကိုင်ကိုင်ထားဦးမည် ဖြစ်သည်။
ထို့အပြင် ၁၉၈၈ မှ ၂၀၁၀ စစ်အာဏာရှင်စနစ်ဖြင့် ဆက်လက်အုပ်ချုပ်ခဲ့သည့် ကာလတွင် တိုင်းပြည်၏မြေပေါ်မြေအောက် သယံဇာတများစွာကို ထင်သလိုရောင်းစားခဲ့ကြပြီး နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများစွာကိုလည်း လက်ဝါးကြီးအုပ် ရယူပိုင်ဆိုင်ခဲ့ ပိုင်ဆိုင်လျက်သည်။ ၄င်းတို့အာဏာရှင်ဟောင်းအုပ်စုတွင် တပည့်မွေး၊ ဆရာမွေးပုံစံဖြင့် အချင်းချင်း အားပြိုင်နေမှုများကြောင့် နောက်ဆုံးတွင် ပြည်သူများသာ ဒုက္ခဆင်းရဲမှုများ ခံစားကြရလေတော့သည်။
သမ္မတဦးသိန်းစိန်က လက်ရှိပြည်ထောင်စုနိုင်ငံတော် အပြောင်းအလဲဖြစ်ပေါ်နေပြီဟု မကြာခဏ ထုတ်ဖေါ်ပြောကြားနေသည်။ လက်တွေ့အားဖြင့် ထိုအပြောင်းအလဲများသည် တပ်မတော်၏ရပ်တည်ချက်အပေါ် အဓိကတည်မှီလျက်ရှိနေသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပုံစံချမှတ်ပေးခဲ့သော ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား အာဏာများစွာခွဲဝေပေးထားခြင်းဖြစ်နေသည့်အတွက် မြန်မာဗိုလ်ချုပ်ကြီးများ လက်မခံပါက လက်ရှိအခြေခံဥပဒေကို လုံးဝပြုပြင်၍မရနိုင်ပေ။
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်လိုသည့်ဆန္ဒမရှိသော တပ်မတော်၏သဘာထားကို အောက်ပါအတိုင်းလေ့လာသုံးသပ်နိုင်ပါသည်။
(က) ဒီမိုကရေစီစနစ်သို့ အမှန်တကယ်ရှေးရှုပြီး ၂၀ဝ၈ အခြေခံဥပဒေကိုပြုပြင်လိုက်ပါက လွှတ်တော်အသီးသီးနှင့် အစိုးရအဖွဲ့များတွင် တပ်မတော်သားများပါဝင်ခွင့်မရှိတော့ပေ။
(ခ) တိုင်းပြည်၏သယံဇာတများစွာရယူပိုင်ဆိုင်ထားသော စစ်ဗိုလ်ချုပ်များနှင့် မိသားစု၊ နောက်လိုက်အပေါင်းအပါများ ဆက်လက်၍အခွင့်ထူးများ ခံစားခွင့်မရှိတော့ပေ။
(ဂ) စစ်တပ်၏ ယခင်လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုမှတ်တမ်းများ ထင်ရှားစွာ ကျန်ရှိနေသည့်အတွက် မိမိတို့အာဏာလျော့ကျလာသည့်အခါ အရေးယူခံရမည်ကို စိုးရိမ်နေရခြင်း။
မည်သို့ပင်ဆိုစေကာမူ ယနေ့ကမ္ဘာတွင် အာဏာရှင်များတစ်ယောက်ပြီး တစ်ယောက်ချုပ်ငြိမ်းနေလေပြီ၊ ပွင့်လင်းသောယနေ့လူဘောင်အဖွဲ့အစည်းတွင် အာဏာရှင်များအတွက် နေရာမရှိတော့ပေ။ လည်ပတ်နေသောသမိုင်းဘီးများက အာဏာရှင်များကို တစ်ကောင်ပြီးတစ်ကောင် နင်းချေနေလေပြီ။
ထို့ကြောင့် နိုင်ငံတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ဒီမိုကရေစီအရွေ့တွင် တပ်မတော်အနေဖြင့် လိုက်ပါသင့်သည်။ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ ချီတက်နေသော တိုင်းရင်းသားပြည်သူတရပ်လုံး၏ ဆန္ဒသဘောထားအမှန်ကို မည်သို့မျှငြင်းဆန်နိုင်လိမ့်မည်မဟုတ်ပါ။ ရွေ့လျားနေချိန်တွင် အနှေးနှင့်အမြန်သာ ရှိပေဦးမည်။ နောက်ဆုံးတွင် တိုင်းရင်းသားပြည်သူတရပ်လုံးတောင်းဆိုနေကြသော ဒီမိုကရေစီပန်းတိုင်ကို မဝေးသောအနာဂတ်တွင် မလွဲဧကန်အမှန်ရောက်ရှိမည်ဟု ယုံကြည်မိပါကြောင်း။