spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့တွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲ ဖွင့်ပြီ

    မော်လမြိုင်မြို့တွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲ ဖွင့်ပြီ

    -

    နိုင်ငံကူးလက်မှတ်ရုံးခွဲ(Facebook: Hnin Maung)
    နိုင်ငံကူးလက်မှတ်ရုံးခွဲ(Facebook: Hnin Maung)
    မင်းသုတ – မွန်ပြည်နယ်သားများ နိုင်ငံကူးလက်မှတ်လွယ်ကူလျင်မြန်စွာရရှိစေရေးအတွက် မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ အရာတော်လမ်းရှိ ပြည်နယ်သတင်းတပ်ဖွဲ့၊ ဒုတပ်ဖွဲ့ခွဲရုံးတွင် ဇန်နဝါရီ ၂ ရက်နေ့က မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲ စတင်ဖွင့်လှစ်ကြောင်း သိရသည်။

    သို့ရာတွင် ရုံးစတင်ဖွင့်လှစ်သည့်ကာလဖြစ်သည့်အတွက် လက်ရှိတွင်နိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်ခြင်းမရှိသေးဟု သွားရောက်သတင်းမေးမြန်းသူ ကိုမင်းမင်းက ပြောသည်။

    ကိုမင်းမင်းက “ပတ်စပို့ဘယ်နေ့လုပ်ပေးနိုင်မယ်လို့တော့ အတိအကျမပြောသေး၊ လွတ်လပ်ရေးနေ့ပြီးတော့မှ ထုတ်ပေးနိုင်မယ်လို့ဆိုတယ်၊ ဘာပဲဖြစ်ဖြစ် ကိုယ့်ပြည်နယ်မှာ ပတ်စပို့လုပ်ရတာက ပိုပြီးအဆင်ပြေမှာပါ၊ အရင်တုန်းကဆို ရန်ကုန်အထိသွားလုပ်ရတာ ငွေလည်းကုန်၊ အချိန်တော်တော်ကုန်တယ်” ဟု ပြောသည်။

    ယခုအခါ မြန်မာနိုင်ငံကူးလက်မှတ်အတွက် ကုန်ကျစရိတ်စုစုပေါင်း ငွေကျပ်၂ သောင်းခွဲတိတိဖြစ်ပြီး သာမန်အားဖြင့် ၁၀ ရက်အတွင်း၊ ဆေးကုသသူများအတွက် ၃ ရက်မှ ၅ ရက်အတွင်း လျောက်ထားသည့်နေ့မှ နိုင်ငံကူးလက်မှတ်ရရှိနိုင်မည်ဟု အစိုးရသတင်းများတွင် ရေးသားဖော်ပြသည်။

    ထိုသို့ နိုင်ငံကူးလက်မှတ် လျောက်ထားရာတွင် မိမိမှတ်ပုံတင်မူရင်းနှင့် အိမ်ထောင်စုစာရင်းများသာ လိုအပ်မည်ဟု သိရသည်။

    “အခုလိုမော်လမြိုင်မှာ ပတ်စပို့လုပ်ရပြီဆိုရင် ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ကျနော်တို့ မွန်ပြည်နယ်သားတွေအတွက် အနာဂတ်မှာပိုပြီးအဆင်ပြေတယ်၊ ကိုယ့်မှာပတ်စပို့ရှိပြီးသားဆိုရင် ကိုယ့်အလုပ်ရှင်ဘက်က တရားဝင်ခေါ်စာရတာနဲ့ ထိုင်းမှာအလုပ်လုပ်ကိုင်ခွင့်ရရှိလာမှာပါ၊ ဒါပေမယ့် ခုချက်ချင်း လောလောဆယ်မှာတော့ မဖြစ်နိုင်သေးပါဘူး” ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေသူ ကိုသီဟက ပြောသည်။

    ယခုအခါ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် ထိုင်းနိုင်ငံတွင် ယခင်ထုတ်ပေးခဲ့သော ယာယီမြန်မာနိုင်ငံကူးလက်မှတ်အစား လက်ရှိတွင် မြန်မာနိုင်ငံကူးလက်မှတ်သို့ ပြောင်းလဲပြုလုပ်ပေးနေပြီ ဖြစ်သည်။

    ယင်းမြန်မာနိုင်ငံနိုင်ငံကူးလက်မှတ် အမျိုး အစားများမှအလည်အပတ်သွားရောက်သူများ၊ အလုပ်အကိုင် ဖြင့် သွားရောက် မည့်သူများ၊ ပညာသင်များ၊ စီးပွားရေးဖြင့် သွားရောက်မည့်သူများ၊ ဘာသာရေးကိစ္စဖြင့် သွားရောက် မည့်သူများ၊ မှီခိုဖြင့် သွားရောက်သူများ၊ သင်္ဘောသားများအတွက် ထုတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

    အလားတူ နေပြည် တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၃ ခုရှိမြို့ကြီးများတွင် မြန်မာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ရုံးခွဲများကို ၂၀၁၄ ခုနှစ်ဇန်နဝါရီ ၂ ရက်တွင် ထပ်မံဖွင့်လှစ်ခဲ့သဖြင့် ရန်ကုန်၊ မန္တလေးရုံးများအပါအဝင် မြန်မာပြည်တဝန်း၌ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ၁၅ ရုံး တည်ရှိနေပြီ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts