Homeသတင်းတိုက်ပွဲများဖြစ်ပေါ်နေသော်လည်း အပစ်ရပ်စဲရေးဆက်လုပ်ဆောင်ရန် လိုအပ်ဟု ဗိုလ်ချုပ်ဂွမ်မော်ပြော

တိုက်ပွဲများဖြစ်ပေါ်နေသော်လည်း အပစ်ရပ်စဲရေးဆက်လုပ်ဆောင်ရန် လိုအပ်ဟု ဗိုလ်ချုပ်ဂွမ်မော်ပြော

-

အေမီအောင် – လက်ရှိ ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်နေသော်လည်း အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးပွဲများ ဆက်လုပ်ဆောင်ရန်လိုအပ်သည်ဟု ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ယမန်နေ့သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ Business Alliance Hotel ၌ နိုဝင်ဘာလ ညနေ ၃ နာရီတွင်ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ် ဂွမ်မော်က “မနေ့ကလည်းတိုက်ပွဲဖြစ်နေတယ်၊ ဒီကနေ့လည်းဖြစ်နေတယ်။ သို့သော်လည်း တိုက်ပွဲတွေဖြစ်နေပေမယ့် အပစ်ရပ်စဲရေးအတွက် ဆက်ပြီးလုပ်ဆောင်ဖို့လိုတယ်”ဟုပြောသည်။

ယမန်နေ့ ဗိုလ်ချုပ်ဂွမ်မော် သတင်းစာရှင်းလင်းပွဲ (Internet)
ယမန်နေ့ ဗိုလ်ချုပ်ဂွမ်မော် သတင်းစာရှင်းလင်းပွဲ (Internet)
နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကချင်ပြည်နယ်၊ မန်စီမြို့အနီး၊ နမ့်လင့်ပါကျေးရွာ၌ အစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တိုက်ပွဲဖြစ်ပွားကာ မန်ဝိုင်းကြီးဘက်သို့ ထွက်တိမ်းရှောင်သူ ဒေသခံများ နှစ်ထောင်ကျော်ခန့်ရှိခဲ့သည်ဟု ဆိုသည်။

“တစ်ချို့ ဒုက္ခသည်တွေက ပိတ်မိနေတုန်းပဲ၊ တစ်ချို့ကလည်းကျနော်တို့ တပ်မဟာ (၃) ကိုရောက်လာတယ်။ တစ်ချို့ကတော့ ဘယ်ရောက်လို့ ရောက်မှန်းမသိပဲ ထွက်ပြေးနေတဲ့ အဖွဲ့လည်းရှိတယ်” ဗိုလ်ချုပ် ဂွမ်မော်က ဆက်ပြောသည်။

လတ်တလော အောက်တိုဘာလ ၂၂ ရက်နေ့တွင် တိုက်ပွဲပြန်လည် ဖြစ်ပွားမှုကြောင့် ဗန်းမော်မြို့နယ်တွင် ဒုက္ခသည် ၂၀ဝ၀ ကျော်ခန့်ရှိပြီး၊ ယခုထပ်မံ စစ်ပြေးလာသူ တိုးလာသဖြင့် မန်းစီမြို့နယ်နှင့် ဗန်းမော်မြို့နယ်တွင် စစ်ပြေး ဒုက္ခသည် ၄၀ဝ၀ ကျော်ခန့်ရှိနေသည်ဟု သိရသည်။

KIA နှင့် အစိုးရစစ်တပ်အကြားဖြစ်ပွားခဲ့သည့် ၂ နှစ်ကျော်ကြာ စစ်ပွဲကာလတွင် စစ်ဘေးရှောင် ဒုက္ခသည် ၁ သိန်းခွဲကျော်ခန့် အိုးအိမ်စွန့်ပြီး ကချင်ပြည်နယ်၊ နယ်စပ်ဒေသ စစ်ပြေးရှောင်စခန်းတွင် ခိုလှုံခဲ့ရသည်ဟု သတင်းများတွင်ရေးသားဖေါ်ပြကြသည်။

“တိုက်ပွဲတွေဖြစ်ရှိနေသော်လည်း NCCT ရဲ့တာဝန်တွေထမ်းဆောင်နိုင်ဖို့ ချင်းမိုင်ကိုသွားဖို့ ရန်ကုန်ခေတ္တလာရောက်တာဖြစ်ပါတယ်၊ ဝန်ကြီးဦးအောင်မင်းတို့ရဲ့ MPC ရုံးကိုလည်းသွားရောက်ပြီး ကျနော်တို့ NCCT ရဲ့လုပ်ငန်းစဉ်တွေကိုလည်း ရှင်းပြခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆက်ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ Nationwide Cease-fire Coordinating Team (NCCT) တွင် နိုင်ဟံသာ(မွန်ပြည်သစ်ပါတီ)က ခေါင်းဆောင်ဖြစ်ပြီး ဒုတိယခေါင်းဆောင်များအဖြစ် ပဒိုစောကွယ်ထူးဝင်း(KNU) နှင့် ဗိုလ်ချုပ်ဂွမ်မော်(KIA) တို့အပါအဝင် စုစုပေါင်းအဖွဲ့ဝင် ၁၄ ဦးဖြင့် တိုင်းရင်းသားများညီလာခံ(လိုင်ဇာ)မှ ဖွဲ့စည်းခဲ့ပြီး လာမည့်ဒီဇင်ဘာလတွင် အစိုးရကိုယ်စားလှယ်များနှင့်ဆွေးနွေးရန် မကြာမီတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် NCCT အဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်ကြမည်ဟု သိရသည်။

ဖက်ဒရယ်တပ်မတော်နှင့်ပတ်သက်ပြီး သတင်းထောက်တစ်ဦးမေးမြန်းချက်ကို ဗိုလ်ချုပ်ဂွမ်မော်က “ကျနော်တို့တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကိုထူထောင်မယ်ဆိုရင် ဖက်ဒရယ်တပ်မတော်ဆိုတာ ရှိလာမှာပါ” ဟု ပြောသည်။

အလားတူ NCCT အဖွဲ့ခေါင်းဆောင် မွန်ပြည်သစ်ပါတီဒုက္ကဌ နိုင်ဟံသာက “ဝေးကွာနေတဲ့အမြင်တွေ တဖြည်းဖြည်းနီးစပ်လာဖို့က သဘောထားကြီးကြီးထားပြီး ဆွေးနွေးပြောဆိုကြရပါမယ်၊ ခုဆိုရင် တိုင်းရင်းသားတွေပြောဆိုနေတဲ့ ဖက်ဒရယ်ကိစ္စကို လွှတ်တော်မှာရော အစိုးရမှာပါ လက်ခံပြောဆိုဆွေးနွေးလာနေကြပြီလေ” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

သို့ရာတွင် ပြီးခဲ့သည့်နိုဝင်ဘာလပထမအပတ်မြစ်ကြီးနားဆွေးနွေးပွဲအတွင်း မြန်မာ့အစိုးရ ပြည်တောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ၏ စာမျက်နှာ ၁၁ ရွက်၊ အခန်း ၁၄ ခန်းပါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူညီချက်စာချုပ်(မူကြမ်း) ပါအချက်အလက်များစွာအား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ လက်မခံနိုင်ဟုသိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts