spot_img
Wednesday, December 4, 2024
More
    spot_img
    Homeဆောင်းပါးစစ်မှန်သည့် နိုင်ငံရေးစနစ်တစ်ခု ရှာဖွေတွေ့ရှိနိုင်ပါစေ

    စစ်မှန်သည့် နိုင်ငံရေးစနစ်တစ်ခု ရှာဖွေတွေ့ရှိနိုင်ပါစေ

    -

    ရာမညရာဝိက – မမှန်ကန်သည့်စနစ်
    မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ကြာရှည်နေခြင်းမှာ ယင်းနှင့် ကိုက်ညီသည့် နိုင်ငံရေးစနစ်တစ်ရပ် မရှိသေး၍ ဖြစ်ကြောင်း သိနိုင်သည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သည့် နိုင်ငံတစ်ခု ဖြစ်ရာ အဆိုပါလူမျိုးများအားလုံး သဟဇာတဖြစ်စေမည့် နိုင်ငံရေးစနစ်တစ်ရပ်ကို ဖော်ထုတ်ရန် လိုအပ်သည်။ ဤဆောင်းပါတွင် သဟဇာတ ဖြစ်မည့် နိုင်ငံရေးစနစ်တစ်ခုကို ဆွေးနွေးလိုသည်။

    အစိုးရနှင့် တိုင်းရင်းသားလက်နက်အဖွဲ့တို့၏ မြစ်ကြီးနားဆွေးနွေးပွဲ (ဧရာဝတီ)
    အစိုးရနှင့် တိုင်းရင်းသားလက်နက်အဖွဲ့တို့၏ မြစ်ကြီးနားဆွေးနွေးပွဲ (ဧရာဝတီ)
    လွတ်လပ်ရေးရပြီခေတ်မြန်မာ့နိုင်ငံရေးကို ပါလီမာန်ဒီမိုကရေစီခေတ်နှင့် စစ်အာဏာရှင်ခေတ် ဟူ၍ ခေတ်(၂)ခုဖြင့် ပိုင်းခြားလိုသည်။ ပြည်တွင်းစစ်သည် ပါလီမာန်ဒီမိုကရေစီခေတ်တွင် စတင်ခဲ့ပြီး ယနေ့တိုင်အောင် အားကောင်းလျက် ရှိသည်။ ခေတ်အဆက်ဆက်တွင် လက်နက်ချဖူးသည့် အဖွဲ့များ၊ အပစ်အခတ်ရပ်စဲဖူးသည့် အဖွဲ့များ ရှိခဲ့သော်လည်း ယင်းကွက်လပ်များကို နောက်တော်လှန်ရေး မျိုးဆက်သစ်များက ဖြည့်စွက်ခဲ့မြဲ ဖြစ်သည်။ အစိုးရက အမျိုးမျိုးပြောင်းခဲ့သည်။ တော်လှန်ရေးအဖွဲ့အစည်းတို့လည်း အမျိုးမျိုးဖွဲ့စည်းခဲ့ကြသည်။ သို့သော် စနစ်က မပြောင်းမလဲ ရှိနေဆဲဖြစ်၍ ပြည်တွင်းစစ်လည်း ဖြစ်မြဲဖြစ်လျက် ရှိသည်။

    ကွေစီ(Quasi)နိုင်ငံ
    လွတ်လပ်ရေးရသည့်အခါ မြန်မာနိုင်ငံကို ပြည်ထောင်စုနိုင်ငံအဖြစ်ဖြင့် ထူထောင်ရန် ရည်ရွယ်ရင်းရှိခဲ့သည်။ ဦးနု၏ ပါလီမာန်အစိုးရသည် ဖက်ဒရယ်စနစ်ကို ကျင့်သုံးခဲ့သည်။ သို့သော် သူ၏ ဖက်ဒရယ်စနစ်သည် ကွေစီဖက်ဒရယ်(Quasi Federal) သာ ဖြစ်ခဲ့သည်ဟု ၁၉၄၇-ခု၊ ဖွဲ့စည်းပုံရေးဆွဲရေးဗိသုကာ ဦးချန်ထွန်းက ဝန်ခံခဲ့သည်။ အခြားဥပဒေပညာရှင်များကလည်း အလားတူ သုံးသပ်ကြသည်။

    ၁၉၆၂-ခုနှစ်မှ စ၍ ၁၉၈၈-ခုနှစ်အထိ မြန်မာနိုင်ငံကို ပြည်ထောင်စုအမည်တပ်သော်လည်း တပြည်ထောင်နိုင်ငံစနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ဗိုလ်နေဝင်းအစိုးရ ကျင့်သုံးခဲ့သည့် ဆိုရှယ်လစ်ဝါဒသည်ပင် မြန်မာ့လမ်းစဉ်ဖြစ်၍ ကွေစီဆိုရှယ်လစ်ဇင်း (Quasi Socialism) ဖြစ်ခဲ့ပြန်သည်။ မတင်မကျဆိုရှယ်လစ်ဝါဒသာ ဖြစ်သည်။ ယင်းဆိုရှယ်လစ်ဝါဒ အလုပ်မဖြစ်သောအခါ ၁၉၈၈-ခုနှစ်တွင် လူထုအုံကြွမှုကြောင့် တစ်ပါတီအာဏာရှင်စနစ် ပြုတ်ကျသွားခဲ့သည်။

    ၁၉၈၈-ခုနှစ်မှ စ၍ ၂၀၁၀-ခုနှစ်အထိ ကွေစီဖက်ဒရယ်လည်း မရှိ၊ ကွေစီဆိုရှယ်လစ်လည်းမဟုတ်၊ ကွေစီဒီမိုကရေစီလည်း မပါ၊ မာရှယ်လောဥပဒေဖြင့် အုပ်ချုပ်ခဲ့ပြန်သည်။ ၂၀ဝ၇-ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေးကြောင့် စစ်ဝတ်စုံဖြင့် ဆက်လက်ရပ်တည်၍ မရတော့ကြောင်း စစ်ခေါင်းဆောင်များ ရိပ်စားမိကြသည်။ ထို့ကြောင့် သူတို့သည် လက်ရှိ ၂၀ဝ၈-အခြေခံဥပဒေကို မရမက အသက်သွင်းကာ အရေခွံလဲကြသည်။ ၂၀ဝ၈-ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေသည် ဖက်ဒရယ်စနစ် လုံးဝမပါရှိသကဲ့သို့ မြန်မာ့နည်းမြန်မာ့ဟန်ဒီမိုကရေစီပုံစံကို စိတ်ကူးယဉ်ခဲ့ရာ ကွေစီဒီမိုကရေစီစနစ် (Quasi Democracy) မျှသာ ဖြစ်ပြန်သည်။

    သဘောတူညီချက် ရကြပါစေ
    အထက်တွင် ဖော်ပြခဲ့သကဲ့သို့ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီး (၆၅)နှစ် ရှိခဲ့ပြီဖြစ်သော်လည်း လိုအပ်နေသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတစ်ခု၊ စစ်မှန်သော ဒီမိုကရေစီနိုင်ငံတစ်ခုကို ကံမကောင်းအကြောင်းမလှစွာ မရရှိခဲ့သေးပါ။ ပြည်တွင်းစစ်လည်း မပြီးဆုံးနိုင်ဘဲဖြစ်ရာ ကမ္ဘာအရှည်ကြာဆုံးပြည်တွင်းစစ်ဟု ကင်ပွန်းတပ်ရပြီဖြစ်သည်။
    ပြီးခဲ့သည့်အပတ်တွင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများသည် ကချင်ပြည်နယ်၊ လိုင်ဇာဌာနချုပ်၌ အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်ရပ်နိုင်ရန် ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ကြသည်။ ယင်းကွန်ဖရင့်သည် နိုဝင်ဘာလ(၂)ရက်နေ့တွင် ပြီးဆုံးခဲ့ပြီး အစိုးရနှင့် အပစ်ရပ်ရေးမူကို သဘောတူနိုင်ခဲ့ကြသည်။ နိုဝင်ဘာလ (၄-၅)ရက်နေ့များတွင် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၌ သဘောတူညီထားကြသော မူဘောင်များကို ဦးအောင်မင်းဦးဆောင်သည့် အစိုးရကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိသည်။ နှစ်ဖက်ကိုယ်စားလှယ်များ သဘောတူညီချက် ရကြလျှင် အလွန်ကောင်းမည်ဖြစ်သည်။

    နောက်ကျခဲ့ရပြီ မြန်မာပြည်
    တိုင်းရင်းသားကိုယ်စားပြု NCCT အဖွဲ့နှင့် အစိုးရကိုယ်စားပြု UPWC အဖွဲ့တို့က ပထမဦးစွာ သဘောတူညီချက်တစ်ရပ် ရအောင် ညှိကြရမည်။ သဘောတူညီချက်ရခဲ့လျှင် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးပွဲကို ကျင်းပရဦးမည်။ တစ်နိုင်ငံလုံးအပစ်ရပ်နိုင်ပြီဆိုမှ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို ကျင်းပရဦးမည်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု၌ —
    ၁။ ဖက်ဒရယ်စနစ်လုံးဝမရှိသည့် လက်ရှိ ၂၀ဝ၈-ခုဥပဒေကို စစ်မှန်သော ဖက်ဒရယ်စနစ် ရအောင် မည်ကဲ့သို့ ပြင်ရမည်၊
    ၂။ တစ်မတ်သားဒီမိုကရေစီသာ ပေးထားသည့် လက်ရှိ ၂၀ဝ၈-ခုဥပဒေကို စစ်မှန်သော ဒီမိုကရေစီစနစ် ရအောင် မည်ကဲ့သို့ ပြင်ရမည်
    ဟူသော အချက်(၂)ချက်သည် အခရာကျသည်။ ပထမအချက်အရ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုတစ်ခု ဖွဲ့စည်းနိုင်ရန် ဗမာပြည်နယ်တစ်ခု ဖွဲ့စည်းရန် လိုအပ်သည်။ ဒုတိယအချက်အရ စစ်မှန်သည့် ဒီမိုကရေစီစနစ် ထွန်းကားရန် တပ်မတော်ကိုယ်စားလှယ်များက လွှတ်တော်မှ ထွက်ကြရန် လိုအပ်သည်။

    ဗမာပြည်နယ်ဖွဲ့စည်းခြင်းမပြုဘဲသော်လည်းကောင်း၊ လွှတ်တော်မှ တစ်မတ်သားအမတ်များ မထွက်ခွာဘဲသော်လည်းကောင်း မှန်ကန်သည့် နိုင်ငံရေးစနစ်တစ်ခု ရရှိမည်ဟု မထင်။
    မြန်မာနိုင်ငံတွင် မှန်ကန်သည့်နိုင်ငံရေးစနစ်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး ပြည်တွင်းစစ်ကို ငြိမ်းအေးစေနိုင်ခဲ့လျှင်ပင် အိမ်နီးချင်းများကို လိုက်မီရန် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ဦးမည်ဖြစ်သည်။ စင်ကာပူက ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်ကို (၁၀)နှစ်ထဲဖြင့် အမီလိုက်မည်ဟု ကြုံးဝါးခဲ့သည့်ခေတ်မှာ လက်နှိပ်စက်ခေတ်ဖြစ်သည်။ ယခုအခါ ကွန်ပျူတာခေတ်ကို ကျော်၍ အင်တာနက်ခေတ် ရောက်ခဲ့ပြီ။ နည်းပညာသည် အဆပေါင်းများစွာ လျင်မြန်ခဲ့ပြီဖြစ်၍ စင်ကာပူကို မီအောင် လိုက်ချင်လျှင် (၁၀)နှစ်ကို ဘယ်နှစ်ဆတိုး မြှောက်ရပါမည်နည်း။ နှစ်ပေါင်း(၅၀)အတွင်း၌ အမီလိုက်နိုင်မည်ဟု ပြော၍မရသေး။ နှစ်ပေါင်း(၅၀)ကို (၃)ဆတိုး မြှောက်လိုက်လျှင် မျှော်လင့်စရာပင် မကျန်တော့ပေ။ အများကြီးနောက်ကျခဲ့ချေပြီ။

    စုစည်းမိကြပါစေ
    မြန်မာ့တပ်မတော်ကြောင့် တိုင်းပြည်ဖွံ့ဖြိုးမှုနောက်ကျခဲ့ရကြောင်း ငြင်း၍မရ။ မြန်မာ့နိုင်ငံရေးမှ မြန်မာ့တပ်မတော် ထွက်ခဲ့လျှင်ပင် အိမ်နီးချင်းကိုပင် လိုက်မီဖို့ မည်မျှကြာရဦးမည်ကို မတွေးဝံ့စရာ ဖြစ်သည်။ မြန်မာ့နိုင်ငံရေးသမားများကလည်း စစ်မှန်သည့်နိုင်ငံရေးစနစ်တစ်ခုကို သတ္တိရှိစွာ လက်မခံနိုင်ကြလျှင် တိုင်းပြည်၏ ကံကြမ္မာက ရေတိမ်နစ်ရပေဦးမည်။ မြန်မာနိုင်ငံအတွက် စစ်မှန်သင့်လျော်သည့် နိုင်ငံရေးစနစ် ကျင့်သုံးရန် နောက်တောင် ကျနေပြီ။ နောက်ကျမှန်း သိပြီးနေကြသော တိုင်းရင်းသား၊ စစ်တပ်၊ အစိုးရ၊ အတိုက်အခံ၊ ပြည်သူတို့အားလုံး စုစည်းမိကြပါစေ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    30,900SubscribersSubscribe
    spot_img

    Latest posts