Monday, March 16, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားကွန်ဖရင့် ကြိုဆိုပွဲဆိုင်းဘုတ်တင်ပြီ

    မွန်အမျိုးသားကွန်ဖရင့် ကြိုဆိုပွဲဆိုင်းဘုတ်တင်ပြီ

    -

    မင်းသုတ – ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ရှိ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီပါတီဝင်များပူးပေါင်း၍ မြို့မဈေးအနီး၌ မွန်အမျိုးသားကွန်ဖရင့် ကြိုဆိုပွဲဆိုင်းဘုတ်တင်ပွဲ ကျင်းပခဲ့သည်။

    စက်တင်ဘာ ၂၂ ရက်နေ့ နံနက် ၈း၁၅ နာရီအချိန်တွင် မွန်ပါတီများအဖွဲ့ဝင် ၅၀ ကျော်ခန့်က မွန်အမျိုးသားကွန်ဖရင့် ဆိုင်းဘုတ်တင်ပွဲပြုလုပ်ပြီးနောက် မွန်အမျိုးသားအလံအား အလေးပြုကြပြီး အခမ်းအနားရုတ်သိမ်းခဲ့ကြသည်။

    မွန်အမျိုးသားကွန်ဖရင့်တက်ရောက်မည့်သူ ဘုရားသုံးဆူမြို့နယ်၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ အထွေထွေအတွင်းရေးမှူး နိုင်မင်းသန်းက “ ဒီကွန်ဖရင့်မှာ မွန် ၂ ပါတီပေါင်းစည်းနိုင်ရေးအတွက် တင်ပြကြမှာပဲ၊ ၂၀၁၀ မှာက မွန်တစ်ပါတီထဲရွေးကောက်ပွဲဝင်တာ အောင်မြင်တယ်၊ ၂ ပါတီဖြစ်နေရင် မွန်အချင်းချင်း မဲကွဲမယ်” ဟု ပြောသည်။

    လာမည့် စက်တင်ဘာ ၂၈ ရက်နေ့မှစတင်၍ မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်ခန်းမ၌ မွန်အမျိုးသားကွန်ဖရင့်ကို ၃ ရက်ကြာ ကျင်းပမည်ဖြစ်သည်။

    ယင်းကွန်ဖရင့်သို့ မွန်နိုင်ငံရေးပါတီများ၊ သံဃာတော်များ၊ လူငယ်၊ အမျိုးသမီးအဖွဲ့အစည်းအသီးသီး၊ စာပေယဉ်ကျေးမှု၊ ဇာတ်သဘင်၊ ဂီတအပါအဝင် ထိုင်းနှင့် နိုင်ငံတကာရောက် မွန်ကိုယ်စားလှယ်များ စုစုပေါင်းကိုယ်စားလှယ် ၂၅၀ ဦးခန့်နှင့် လေ့လာသူ ၁၀ဝ ဦးတို့ တက်ရောက်ရန် ဘိတ်ကြားထားသည်။

    ဘုရားသုံးဆူဒေသ၊ မွန်စစ်မှုထမ်းဟောင်းများအဖွဲ့ကိုယ်စားလှယ် နိုင်အောင်ကြယ်က “မွန်တစ်မျိုးသားလုံးသွေးစည်းရေး၊ မွန်ပါတီပေါင်းစည်းရေးတွေ၊ ထာဝရငြိမ်းချမ်းရေးကိစ္စတွေက အရေးကြီးတဲ့ဆွေးနွေးစရာတွေ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

    ယင်းမွန်အမျိုးသားကွန်ဖရင့်ကျင်းပပြီးလျှင် လာမည့်ဒီဇင်ဘာလတွင် မွန်အမျိုးသားညီလာခံကြီးတစ်ရပ် ဆက်လက်ကျင်းနိုင်ရန် ရည်ရွယ်ထားသည်ဟုလည်း ကျင်းပရေးကော်မတီဥက္ကဌ မွန်ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး(၁) ဒေါက်တာမင်းကြည်ဝင်းက ထုတ်ဖေါ်ပြောကြားသည်။

    နိုင်ငံရေးပါတီများ ဖြစ်ကြသော မွန်ပြည်သစ်ပါတီ၊ မွန်ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ၃ ပါတီပူးပေါင်း၍ ယခုမွန်အမျိုးသားကွန်ဖရင့်ကို ဦးဆောင်ကျင်းပခြင်း ဖြစ်သည်။

    အလားတူ မွန်အမျိုးသားကွန်ဖရင့်များကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများအတွင်း ယခင်က ၂ နှစ်လျှင်တစ်ကြိမ်ကျင်းပခဲ့ရာ ၂၀၁၁ ခုနှစ်တွင် ၆ ကြိမ်မြောက်ကျင်းပခဲ့ပြီး ဖြစ်သည်။

    ၂၀၁၀ ရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက်ပိုင်း မွန်ပြည်နယ်အစိုးရ ပေါ်ပေါက်လာသောအခါ မော်လမြိုင်မြို့တွင် ပထမဆုံးအကြိမ် မွန်အမျိုးသားကွန်ဖရင့် စတင်ကျင်းပနိုင်ခြင်း ဖြစ်သည်။

    အလားတူ မွန်အမျိုးသားကွန်ဖရင့် ဆိုင်းဘုတ်များကို အခြားမြို့နယ်များအသီးသီးတွင် ဆက်လက်စိုက်ထူသွားမည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks