Homeသတင်းမော်လမြိုင် သံလွင်ဥယျာဉ် ထိန်းသိမ်းရေး တောင်းဆိုမှုများရှိနေ

မော်လမြိုင် သံလွင်ဥယျာဉ် ထိန်းသိမ်းရေး တောင်းဆိုမှုများရှိနေ

-

ခတ္တာနန်း – မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သံလွင်ဥယျာဉ်အတွင်း Shopping Mall ဆောက်လုပ်မည့် အစီအစဉ်သည် သဘာဝဝန်းကျင်ထိခိုက်ပျက်စီးမည့်အနေအထားဖြစ်ပေါ်နိုင်သောကြောင့် ဥယာဉ်အားနဂိုလ်မူလအတိုင်းထားရှိရန် တောင်းဆိုမှုများ ရှိနေသည်။

သံလွင်ဥယျာဉ်ရှေ့မျက်နှာစာ(internet)
သံလွင်ဥယျာဉ်ရှေ့မျက်နှာစာ(internet)
မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က တင်ဒါခေါ်ယူခဲ့ပြီး ထိုင်းနိုင်ငံ IMAC Company က သံလွင်ဥယျာဉ်အတွင်း ဟိုတယ်၊ ဈေးဝယ်စင်တာနှင့် ကလေးကစားကွင်းများဆောက်လုပ်ရန် မွန်ပြည်နယ်အစိုးရခွင့်ပြုခဲ့သည့်နောက်ပိုင်း လူမှုကွန်ယက်အင်တာနက်စာမျက်နှာ Facebook တွင် ယင်းကဲ့သို့ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ်လာသည်။

“အရင်စစ်အစိုးရလက်ထက်က ဒီလိုပဲအဆောက်အဦးတွေကို ဆောက်မယ်ဆိုပြီး မိုင်ဒါကွင်းကိုသိမ်းလိုက်တဲ့အတွက် ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အခမ်းအနားလုပ်တဲ့ နေရာတွေ ပျောက်ကွယ်ခဲ့ပြီးပြီ၊ အခုလည်း သံလွင်ဥယျာဉ်မှာ အဆောက်အဦးတွေ ဒီလိုဆောက်လိုက်မယ်ဆိုရင် ကျနော်တို့မြို့ရဲ့ အများနဲ့သက်ဆိုင်တဲ့ အမွေအနှစ်တွေပျောက်သွားမယ်” ဟု နိုင်ဝမ်းပြည့်က ပြောသည်။

လက်ရှိသံလွင်ဥယျာဉ်ကို မည့်သည့်အဆောက်အဦးသစ်ကိုမှ မတည်ဆောက်စေလိုသည့်အပြင် ဥယျာဉ်အတွင်း သစ်ပင်ပန်းမာလ်များ ရာသီအလိုက်စိမ်းလန်းစိုပြေနေစေရန်ပြုပြင်မွမ်းမံ၍ ပြည်သူအများအပမ်းဖြေသည့် နေရာအဖြစ်သာ ထားရှိစေလိုကြောင်း နိုင်ဝမ်းပြည့်က ဆက်ပြောသည်။

ယင်းသံလွင်ဥယာဉ်ကြီးသည် ၁၉၆၀ ခုနှစ်မတိုင်ခင်ကာလအထိ တပ်မတော်နေ့ (တော်လှန်ရေးနေ့) အခမ်းအနားကြီးများကို စည်ကားသိုက်မြိုက်စွာ အကြိမ်ကြိမ်ကျင်းပခဲ့သည့်နေရာဖြစ်ခြင်း၊ ရုပ်ရှင်၊ ဂီတ၊ ယဉ်ကျေးမှုပဒေသာကပွဲများ၊ နိုင်ငံခြားမှ ယဉ်ကျေးမှုကပွဲများ ကျင်းပခဲ့သော နေရာဖြစ်ခြင်း၊ ကလေးသူငယ်များ အပမ်းဖြေကစားရာနှင့် မြို့နေပြည်သူများအပမ်းဖြေသည့်နေရာဖြစ်ကြောင်း လူမှုကွန်ယက်အင်တာနက်ဖြန့်ဝေစာတွင် ဖော်ပြထားသည်။

သံလွင်ဥယျာဉ်သည် မြေဧက ၄၀ ခန့်ကျယ်ဝန်းပြီး Shopping Mall အတွက် မြေ ၃ ဧကခန့် အသုံးပြု၍ ဆောက်လုပ်သွားမည်ဟု သိရသည်။

သံလွင်ဥယျာဉ်တွင် အဆင့်မြင့်ဈေးဝယ်စင်တာ Shopping Mall တည်ဆောက်ခြင်းလုပ်ဆောင်သွား မည့်အပြင် ရုပ်သံစတူဒီယိုတည်ဆောက်ခြင်းကိုလည်း ရွှေသံလွင်ကုမ္ပဏီက လုပ်ဆောင်သွားမည်ဟု သိရသည်။

သံလွင်ဥယျာဉ်တွင် အဆင့်မြင့်ဈေးဝယ် စင်တာတည်ဆောက်ခြင်းနှင့် ရွှေသံလွင် ကုမ္ပဏီမှ ရုပ်သံစတူဒီယို တည်ဆောက်ခြင်းတို့အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့ခံသူလူထုတို့ တွေ့ဆုံခဲ့ကြပြီး လုပ်ငန်း အကောင်အထည်ဖော်ရန် မူအားဖြင့် သဘောတူထားခဲ့ကြသည်ဟုလည်း ပြည်နယ်စည်ပင်သာရေးဝန်ကြီး ဒေါက်တာ တိုးတိုးအောင်၏ ပြောကြားချက်ကို ပြည်တွင်းသတင်းဌာနများက ရေးသားဖော်ပြခဲ့ပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts