Homeသတင်းပြည်နယ်ခန်းမတွင် မွန်တိုင်းရင်းသားနှီနှောဖလှယ်ပွဲကျင်းပမည်

ပြည်နယ်ခန်းမတွင် မွန်တိုင်းရင်းသားနှီနှောဖလှယ်ပွဲကျင်းပမည်

-

မင်းသုတ – မွန်နိုင်ငံရေးပါတီများဦးဆောင်၍ မွန်တိုင်းရင်းသားနှီးနှောဖလှယ်ပွဲတစ်ရပ်ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်ခန်းမ၌ ယခုလကုန်ပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီဥက္ကဌ ဒေါက်တာမင်းကြည်ဝင်း (မွန်ဒီမိုကရေစီပါတီ)က ပြောသည်။

ဆဌမအကြိမ် မွန်အမျိုးသားနှီနှောဖလှယ်ပွဲအခမ်းအနား
ဆဌမအကြိမ် မွန်အမျိုးသားနှီနှောဖလှယ်ပွဲအခမ်းအနား
မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီပါတီတို့ပူးပေါင်းပြီး စက်တင်ဘာ ၂၈ ရက်နေ့မှစတင်၍ ၃ ရက်ကြာကျင်းပမည့် အဆိုပါနှီးနှောဖလှယ်ပွဲသို့ အစုအဖွဲ့ကဏ္ဍအသီးသီးမှ ကိုယ်စားလှယ် ၂၅၀ ဦးနှင့် လေ့လာသူ ၁၀ဝ ခန့်တက်ရောက်ရန် လျာထားသည်။

ဒေါက်တာမင်းကြည်ဝင်းက “ကျင်းပခွင့်ရပြီးပြီ၊ နှီးနှောဖလှယ်နိုင်ဖို့ စာတမ်းတွေကို လက်ခံနေပါတယ်၊ ပုဂ္ဂိုလ်တစ်ဦးချင်းစီပဲဖြစ်ဖြစ် အစုအဖွဲ့လိုက်ဖြစ်ဖြစ် ဒီလ ၁၅ ရက်နောက်ဆုံးထားပြီး ပေးပို့ရပါမယ်” ဟု ပြောသည်။

မွန်ပြည်သစ်ပါတီက “ရှေရှည်တည်တန့်မည် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေး”၊ မွန်ဒီမိုကရေစီပါတီက “မွန်တစ်မျိုးသားလုံးညီညွတ်ခြင်း၏အင်အားစုတစ်ရပ်”၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက “တည်ငြိမ်အေးချမ်းသာယာတိုးတက်သောနိုင်ငံတော်သို့” စသည့်စာတမ်းများ ဖတ်ကြားတင်ပြဆွေးနွေကြမည်ဟု အစည်းအဝေးမှတ်တမ်းဖော်ပြချက်အရ သိရသည်။

ထို့အပြင် နယ်စပ်နှင့်ထိုင်းနိုင်ငံရှိ မွန်အဖွဲ့အစည်းများက “မွန်အမျိုးသားညီလာခံကျင်းပရေး”၊ တတိယနိုင်ငံရောက် မွန်အဖွဲ့အစည်းများက “မွန်အမျိုးသားမဟာဗျူဟာရေးဆွဲနိုင်ရေး”၊ စာတမ်းများကိုလည်း ဖတ်ကြားတင်သွင်းကြမည် ဖြစ်သည်။

စာတမ်းဖတ်ပွဲသို့ မွန်နိုင်ငံရေးပါတီအဖွဲ့အစည်းများအပြင် သံဃာတော်များ၊ ထိုင်းနိုင်ငံနှင့် နယ်စပ်ရှိမွန်အဖွဲ့အစည်းများ၊ စာပေယဉ်ကျေးမှု၊ ဂီတသဘင်၊ အမျိုးသမီး၊ လူငယ်အဖွဲ့အစည်းများ၊ မွန် NGO အဖွဲ့များ၊ မွန်လူထုအခြေပြုအဖွဲ့အစည်းCBO များ၊ မွန်သတင်းဌာနများနှင့် နယ်ပယ်အသီးသီးမှပညာရှင်များ ဘိတ်ကြားထားသည်ကို တွေ့ရှိရသည်။

“အဖွဲ့အစည်းကဏ္ဍအစုံပါဝင်နိုင်ဖို့နဲ့ ဒီထက်ကျယ်ပြန့်တဲ့ မွန်တိုင်းရင်းသားညီလာခံ တစ်ရပ်ကျင်းပနိုင်ရေး အတွက် ရှေ့ပြေးအကြိုနှီးနှောဖလှယ်ပွဲတစ်ခုပါ၊ ဒါမှလည်း မွန်တိုင်းရင်းသားတို့ရဲ့ ပကတိဘဝအခြေအနေကို သိရှိနားလည်လာမှာ ဖြစ်တယ်” ဟု မင်းကြည်ဝင်းက ပြောသည်။

လာမည့် ဒီဇင်ဘာလတွင် မော်လမြိုင်မြို့ပေါ်၌ မွန်တိုင်းရင်းသားညီလာခံ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျှက် ရှိသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၆ ခုနှစ်တွင် (ယခင် ကျိုက္ခမီမြို့နယ်) ယခု သံဖြူဇရပ်မြို့နယ်၊ ပငရွာတွင် မွန်တိုင်းရင်းသားအစည်းအရုံးက ဦးစီး၍ ပထမအကြိမ်မွန်အမျိုးသားညီလာခံတရပ်ကိုကျင်းပခဲ့ရာ မွန်အမျိုးသား ထောင်ပေါင်းများစွာ တက်ရောက်ကြသည့် သမိုင်းမှတ်တမ်းများ ရှိသည်။

ယင်းညီလာခံ၏ အဓိက အရေးကြီးသော ဆုံးဖြတ်ချက်နှစ်ရပ်မှာ(၁) သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့တွင် ဟံသာဝတီ ပဲခူးမြို့ကို စတင်တည်ထောင်သည့်နေ့အား မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ရန်။ (၂) လာမည့်ရွေးကောက်ပွဲတွင် မွန်အမျိုးသားတို့အတွက် သီးခြားမဲစာရင်း မဲဆန္ဒနယ် သတ်မှတ်ပေးရန်။ အကယ်၍ ဖဆပလအစိုးရက မပြုလုပ်ပေးလျှင် ရွေးကောက်ပွဲကို သပိတ်မှောက်ရန်တို့ ဖြစ်သည်။

ယခင်မွန်တိုင်းရင်းသားနှီးနှောဖလှယ်ပွဲများအား မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများတွင် ၂ နှစ်တစ်ကြိမ်ခန့် ကျင်းပပြုလုပ်ခဲ့ပြီး ဆဌမအကြိမ်နှီးနှောဖလှယ်ပွဲကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ဗလဲ့ဒွန်ဖိုက်ကျေးရွာ၌ နောက်ဆုံး ကျင်းပခဲ့သည်။

ယခုကျင်းပမည့်နှီးနှောဖလှယ်ပွဲသည် ၁၉၇၄ ခုနှစ် မွန်ပြည်နယ်ပေါ်ပေါက်လာပြီးနောက် မော်လမြိုင်မြို့ပေါ်တွင် ပထမဆုံးအကြိမ် ကျင်းပမည့် မွန်တိုင်းရင်းသားနှီးနှောဖလှယ်ပွဲ ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts