spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်း(၆၆) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားများကျင်းပ

    (၆၆) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားများကျင်းပ

    -

    ခတ္တာနန်း – (၆၆) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီ လက်အောက်ခံ နယ်မြေများအပြင် မွန်တိုင်းရင်းသားများရောက်ရှိနေထိုင်ရာ ဒေသများတွင်လည်း ဝါခေါင်လပြည့်နေ့(သြဂုတ်-၂၂) ရက်၌ အခမ်းအနားများ ကျင်းပခဲ့ကြသည်။

    မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ၊ ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းရွာ၌ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဂုဏ်ပြုတပ်ဖွဲ့က သေနတ် ၂၁ ချက်ဖောက်၍ မွန်တော်လှန်ရေးနေ့အခမ်းအနား နံနက် ၇ နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

    မွန်ပြည်သစ်ပါတီ၏ တော်လှန်ရေးနေ့ထုတ်ပြန်ချက်ကို အမှတ် ၅ တပ်ရင်မှူး ဒုဗိုလ်မှူးကြီးဗညားချမ်းနွန် ဖတ်ကြားခဲ့ရာတွင် “၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ဖက်ဒရယ်စနစ်ကိုတည်ဆောက်နိုင်မည်မဟုတ်သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ရပ် ရေးဆွဲရန်နှင့် ဗမာပြည်နယ်ပါဝင်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်သွားမည်”ဟု ဖေါ်ပြပါရှိသည်။

    ထို့အပြင် မွန်နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ တတ်စွမ်းသည့် ပညာရှင်များ စုပေါင်းကာ မွန်တိုင်းရင်းသား နှီးနှောဖလှယ်ပွဲတရပ်ကိုလည်း ကျင်းပရန်အတွက် ရက်သတ်မှတ်ထားပြီဖြစ်ကြောင်း၊ ယခုနှစ်မကုန်မှီတွင် မွန်တိုင်းရင်းသားညီလာခံတရပ်ကိုလည်း ဆက်လက် လုပ်ဆောင်သွားရန် ရှိကြောင်း ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    အလားတူ မွန်တော်လှန်ရေးနေ့ အခမ်းအနားကို ကွယ်လွန်သူ မွန်တော်လှန်ရေးခေါင်းဆောင်များဖြစ်ကြသော နိုင်အောင်ထွန်း(ပငရွာ)၊ နိုင်နွန်လာ(နှီးပဒေါ)၊ နိုင်ဖိုးစိန်(ကမာဝက်)၊ နိိုင်ချမ်းမွန်(ကမာဝက်)၊ နိုင်သိမ်းမောင်(ပေါင်မြို့) သို့ အုပ်စုနှစ်စုခွဲ၍၄င်း၊ တဖန် မုဒုံမြို့နယ်၊ ဝင်းစိန်တောရရှိ နိုင်ရွှေကျင်၊ နိုင်ထင်နှင့် နိုင်ရော့စ အထိမ်းအမှတ်အုတ်ဂူအသီးသီးရှိရာသို့ စုပေါင်း၍ သွားရောက်ဂါရဝပြုကြသည်။

    နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇင်းဇော်လတ်က “၆၆ ကြိမ်မြောက်မွန်တော်လှန်ရေးနေ့ အခမ်းအနား ကို မွန်ပြည်သူလူထုအစီအစဉ်အနေနဲ့ မုဒုံမြို့နယ် ဝင်းစိန်တောရ မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး နိုင်ရွှေကျင် နဲ့ နိုင်ထင်တို့ရဲ့ အုတ်ဂူနေရာမှာ ကျင်းပခဲ့တယ်။ အခမ်းအနားမစခင်မှာ ဂီတမွန်အဖွဲ့ power musicအဖွဲ့ကအမွန်အဆိုတော်တွေ မွန်တော်လှန်ရေးသီချင်းတွေ သီဆိုကြတယ်” ဟု မိန့်ဆိုသည်။

    မွန်လူထုသုံးထောင်ကျော်တက်ရောက်သည့် ယင်းအခမ်းအနားတွင် နိုင်တလညီ(မွန်ပြည်သစ်ပါတီ)၊ နိုင်ငွေသိမ်း(မွန်ဒီမိုကရေစီပါတီ)၊ နိုင်ငွေသိန်း (မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ) တို့တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြသည်ဟု သိရသည်။

    မွန်တော်လှန်ရေးအစပိုင်းတွင်ပါဝင်ခဲ့သူ နိုင်ငွေသိမ်းက “မွန်လူငယ်တွေမှာ သေနတ်မရှိဘူး၊ ပြည်သူ့ရဲဘော်မှာ စတင်းဂန်းတစ်လက် ခြောက်လုံးပြူးတစ်လက်ငှားပြီး ဗိုလ်သိန်းတို့လူငယ်တွေက ဇာသပြင်ရဲစခန်းဝင်စီးခဲ့တယ်၊ အဲဒီလိုနဲ့ လက်နက်တွေစုဆောင်းခဲ့တယ်” ဟု ပြောသည်။

    မော်လမြိုင်အရှေ့ ခြမ်းရှိ ဇာသပြင်ကျေးရွာ၊ ရဲစခန်းအား ကောဇာသက္ကရာဇ် ၁၃၁၀ (၁၉၄၈) ခုနှစ် ဝါခေါင်လပြည့်နေ့တွင် အင်အား ၂၀ ကျော်ရှိ မွန်လူငယ်တစ်စု စတင်ဝင်ရောက်စီးနင်းခဲ့သည့် နေ့ရက်ကို မွန်တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

    ထိုမှတဆင့် ဂျိုင်းမြစ်တလျှောက်ကျေးရွာများရှိ ကာကွယ်ရေးတပ်ဖွဲ့လက်နက်များအား ဆက်လက်သိမ်းဆည်းသည့်အပြင် ကရင် KNDO တပ်ဖွဲ့နှင့်အတူ သထုံ၊ မော်လမြိုင်မြို့တို့ကိုလည်း သိမ်းဆည်းခဲ့ကြသည်ဟု သမိုင်းမှတ်တမ်းများ ရေးသားဖေါ်ပြကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks