Homeသတင်းမလေးရှားမွန်အစည်းအရုံး စတင်ဖွဲ့စည်း

မလေးရှားမွန်အစည်းအရုံး စတင်ဖွဲ့စည်း

-

အေမီအောင် – မလေးရှားနိုင်ငံရောက် မွန်တိုင်းရင်းသားများစုပေါင်း၍ မလေးရှားမွန်အစည်းအရုံး Mon Malaysia’s Association-MMA ကို စတင်ဖွဲ့စည်းပြီး ဗဟိုအလုပ်မှုဆောင်ကော်မတီများကို မဲစနစ်ဖြင့် ရွေးချယ်တင်မြှောက်ခဲ့သည်။

ကွာလာလမ်ပူမြို့တော်ရှိ Chinese Assembly Hall ၌ ဇူလိုင်လ နံနက် ၁၀ နာရီကျော်ခန့်တွင် မဲစနစ်ဖြင့် အဆိုပါဦးဆောင်ကော်မတီ ရွေးချယ်ဖွဲ့စည်းခဲ့ရာ မွန်လူငယ်များအဖွဲ့၊ မွန်ဒုက္ခသည်အဖွဲ့၊ မွန်အမျိုးသမီးအဖွဲ့၊ ကျေးရွာဒေသကိုယ်စားပြုအဖွဲ့ပေါင်း ၃၃ဖွဲ့တို့၏ ကိုယ်စားပြုအင်အား ၉၀ ဦးခန့် တက်ရောက်ခဲ့သည်ဟု အထွေထွေအတွင်းရေးမှူး နိုင်ဂေါင်စကား ကပြောသည်။

သူက “ အဖွဲ့ဝင်အတွက် လိုအပ်တဲ့သင်တန်းတွေ၊ ဥပမာ စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းမျိုးတွေ၊ လူမှုရေး၊ ဘာသာရေး၊ စာပေယဉ်ကျေးမှုထိန်းသိမ်းရေးကိစ္စတွေ အဖွဲ့ဝင်တွေရောက်ရှိနေတဲ့ နယ်တွေမှာလည်း ဖွင့်လှစ်သွားဖို့ ဆုံးဖြတ်ထားတယ်”ဟုပြောသည်။

တဖက်တွင်လည်း မွန်တမျိုးသားလုံး ညီညွတ်ရေးအတွက်ရည်ရွယ်ပြီး မွန်အဖွဲ့အစည်းကြီးများ ဖြစ်ကြသည့် MAU မွန်ရေးရာအဖွဲ့ချုပ်၊ OMCC အဝေးရောက်မွန်အဖွဲ့အစည်းများ၊ NMSP မွန်ပြည်သစ်ပါတီတို့အား ဆက်ဆံရေးမြှင့်တင်သွားည်ဟုလည်း သူကဆက်ပြောသည်။

ဟူတန်မီလင်တန်မွန်ကျောင်းထိုင်ဆရာတော် အရှင်ထာဝရ က“မိမိလူမျိုးအတွက်၊ ပရဟိတလုပ်ငန်းအတွက် လုပ်ဆောင်နေတဲ့နေရာမှာ အထူးသဖြင့် ဦးဆောင်သူတွေက လူမျိုးအမည်ကိုအသုံးချပြီး ကိုယ်ကျိုးမရှာမိစေဖို့ပဲ”ဟု မိန့်ကြားခဲ့သည်။

အမျိုးဘာသာ၊ သာသနာကို ချစ်မြတ်နိုးသောစိတ်ဓါတ်တိုးပွားစေရေးအတွက် မလေးရှားမွန်အစည်းအရုံးက သင်တန်း၊ ဆွေးနွေးပွဲ၊ ဟောပြောပို့ချမှုများ ပြုလုပ်ပေးသင့်သည်ဟုလည်း ဆရာတော်ကဆက်မိန့်သည်။

ယခုရွေးချယ်ခံရသော မလေးရှားမွန်အစည်းအရုံး၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်များတွင် နိုင်အာကာပိုင်-ဥက္ကဌ၊ နိုင်ဥက္ကာ-ဒု-ဥက္ကဌ၊ နိုင်ဂေါင်စကား-အထွေထွေအတွင်းရေးမှုး၊မိစိုက်ရော့-တွဲဖက်အတွင်းရေမှူး၊ နိုင်သိန်းမွန်၊ နိုင်ဝင်း၊ နိုင်ချမ်းလန်း၊ နိုင်ထပလန်းတို့ ပါဝင်သည်ဟုသိရသည်။

မလေးရှားနိုင်ငံတွင် မွန်အဖွဲ့အစည်းငယ်ပေါင်း(၅၀)ကျော်ခန့်ရှိသည့်အနက် မလေးရှားမွန်အစည်းအရုံး MMA ဖြစ်မြောက်လာစေရန် မွန်သံဃာတော်(၂)ပါးနှင့် လူပုဂ္ဂိုလ်(၅)ဦးက ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။

(မှတ်ချက်- Mon Malaysia’s Association-MMA အား မလေးရှားမွန်အစည်းအရုံးဟု အနီးစပ်ဆုံးဘာသာပြန်ဆိုသည်။-အယ်ဒီတာ)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts