Home သတင်း ထိုင်းနိုင်ငံအရှည်ဆုံးသစ်သားတံတားလယ် ထက်ပိုင်းကျိုး

ထိုင်းနိုင်ငံအရှည်ဆုံးသစ်သားတံတားလယ် ထက်ပိုင်းကျိုး

သစ်သားတံတား ထက်ပိုင်းကျိုးနေပုံ(Photos by SKY Report CH3′s)

မင်းသုတ – ထိုင်းနိုင်ငံတွင် ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့နှင့် ဝင်းကရွာအား ဆက်သွယ်ထားသော ဆရာတော်ဦးဥတ္တမ(ဝင်းက) သစ်သားတံတားလယ် ထက်ပိုင်းကျိုးကာ မီတာတစ်ရာနီးပါးခန့် ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။

မီတာ ၈၅၀ ခန့်ရှည်လျားပြီး ထိုင်းနိုင်ငံ၏အရှည်ဆုံးသစ်သားတံအဖြစ်သတ်မှတ်ခြင်းခံထားရသော ယင်း ဦးဥတ္တမ“မွန်တံတား” သည် ဇူလိုင်လ ၂၈ ရက်၊ ညနေပိုင်း၌ ထက်ပိုင်းကျိုးပြတ်ကျခဲ့ခြင်းဖြစ်သည်။

ဝင်းကရွာ ဘုရားဒါယကာ နိုင်အောက်ပိုင်က “ပထမ စဖြစ်ဖြစ်ချင်း ကျနော်တို့လာကြည့်တာ ၁၀ မီတာလောက်ပဲ ပြတ်နေတယ်၊ ညပိုင်းရောက်တော့ မီတာ ၇၀ ကျော်ထပ်ပြီးပြတ်ကျသွားပြန်တယ်” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး စံခလယ်ချောင်းရေနှင့်အတူ အမှိုက်သရိုက်များ တံတားအောက်ခြေတိုင်၌ပိတ်ဆို့နေကာ ရေတွန်းအားကြောင့် တံတားကျိုးခဲ့ရသည်ဟု ယူဆနေကြသည်။

မျက်မြင်တွေ့ရှိသူ မိအေးက “ညနေ ၅ နာရီလောက်မှာ တံတားကနေ မြည်သံကြားလာတယ်၊ နောက်တံတားလည်း လှုပ်လီလှုပ်လီဖြစ်လာတော့ အိမ်ဖောင်တွေ ချောင်းအလယ်ဘက်ကို ရွေ့လိုက်တယ်၊ မကြာပါဘူး တံတားပြိုကျသွားတာပဲ” ဟု ပြောသည်။

ယင်းသစ်သားတံတားနှင့် စံခလယ်ချောင်းကိုအမှီပြု၍ အပျော်စီးအိမ်ဖောင် အလုံး ၅၀ ခန့်ရှိရာ ယခုအခါ တံတားနှင့်ဝေးရာသို့ ရွေ့ပြောင်းလိုက်ပြီဖြစ်သည်။

လူနေအိမ်ခြေ ၂၀ဝ၀ ဝန်းကျင်ရှိ ဝင်းကရွာသည် မွန်တိုင်းရင်းသားယဉ်ကျေးမှုကျေးရွာအဖြစ် သတ်မှတ်ခြင်းခံထားရပြီး စနေ၊ တနင်္ဂနွေအလုပ်အားရက်များတွင် ဧည့်သည်များလာရောက်ကြကာ စံခလယ်ချောင်းတလျှောက် အိမ်ဖောင်များဖြင့် အပန်းဖြေလေ့ရှိသည်။

နိုင်အောက်ပိုင်က “တစ်ဖက်ကမ်းကို နေ့စဉ်အလုပ်သွားနေရသူတွေ၊ ကားမစီးနိုင်တဲ့ကျောင်းသားတွေ အခက်အခဲပိုတွေ့တာပေါ့၊ ဟိုဘက်ကမ်းရောက်ဖို့ မော်တော်ဆိုင်ကယ်ခ ဘတ် ၃၀ ဆိုတော့လည်း တွက်ချေမကိုက်ပါဘူး” ဟု ပြောသည်။

ဝင်းကမွန်ရွာ၏ စံခလယ်ချောင်းတစ်ဖက်ကမ်းတွင် စံခလပူရီမြို့နယ်ရုံးစိုက်ရာဖြစ်ပြီး စာတိုက်၊ ဘဏ်၊ အထက်တန်းကျောင်းနှင့် ဆေးရုံတစ်ရုံ တည်ရှိကာ ထိုင်း၊ မွန်၊ ကရင်လူမျိုးများ နေထိုင်လျှက်ရှိကြသည်။

အဆိုပါ တံတားကို ပျဉ်းကတိုးသစ် ၂၂၀ တန်ကျော်ဖြင့် လွန်ခဲ့သည့်အနှစ် ၃၀ ခန့်တွင်စတင်တည်ဆောက်ခဲ့ပြီး ၃ ကြိမ်ခန့်ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ဝင်ကရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးအဆိုအရ ယင်းတံတားမည်ကဲ့သို့ပြန်လည်ပြုပြင်ရမည်ကို လက်ရှိအခြေအနေတွင် အဆုံးအဖြတ်မပေးနိုင်ကြသေးပေ။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.