spot_img
Saturday, January 31, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်၁၉ ဇူလိုင်၏ သမိုင်းခြေရာများ

    ၁၉ ဇူလိုင်၏ သမိုင်းခြေရာများ

    -

    မြန်မာ့သမိုင်းစာမျက်နှာတွင် ၁၉ ဇူလိုင်သည် အရေးကြီးသော နေ့ရက်တစ်ရက် ဖြစ်ပေသည်။ မြန်မာတည်သရွေ့ မေ့ပစ်နိုင်မည် မဟုတ်ကြပါ။ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်များလုပ်ကြံခံခဲ့ရသောနေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ပြီး နေရာဒေအနှံ့ လွမ်းဆွတ်အမှတ်တရ ကျင်းပခဲ့ကြသည်မှာ ၆၆ နှစ်ပင်ရှိပေပြီ။

    အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသည့်နောက်ပိုင်း ရရှိခဲ့သော မြန်မာနိုင်ငံလွတ်လပ်ရေး နှင့်အတူ ပြည်တွင်းစစ်မီး တောက်လောင်လာခဲ့ရသည်မှာ ယနေ့ကာလတိုင် ဖြစ်ပေသည်။ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ သဘောတူလက်မှတ်ရေးထိုးခဲ့သော ပင်လုံစာချုပ် ကတိကဝတ်များကို ဗမာ့ခေါင်းဆောင်များ လစ်လျူရှု အကောင်အထည် မဖေါ်နိုင်ခဲ့သည့် အကျိုးဆက်များဟု သုံးသပ်ရပေသည်။

    ထိုနည်းတူ ဇူလိုင်လ ၁၉ ရက်နေ့သည် မွန်အမျိုးသားတော်လှန်ရေးသမိုင်းတွင် မမေ့ပျောက်နိုင်ခဲ့သော နေ့ရက်တစ်ရက်ပင် ဖြစ်နေပေသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေး စတင်ရရှိခဲ့သည့် ၁၉၄၈ ခုနှစ် နှစ်လည်ပိုင်းတွင် မွန်တော်လှန်ရေးစတင်ခဲ့ပြီး ၁၀ နှစ်အကြာ ၁၉၅၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မွန်ပြည်သူ့တပ်ဦးက ဝန်ကြီးချုပ် ဦးနု အစိုးရထံ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့ကြသည်။

    ဒီမိုကရေစီနိုင်ငံတော်ကြီးတည်ဆောက်နိုင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အစစ်အမှန်ရရှိနိုင်လိမ့်မည်ဟု ယုံကြည်မိခဲ့သော မွန်ပြည်သူ့တပ်ဦးအနေဖြင့် ဥက္ကဌနိုင်အောင်ထွန်း ခေါင်းဆောင်သော စစ်သည်များသည် ကိုယ်စီလက်နက် ၁၁၁၁ လက်နှင့်အတူ ဝန်ကြီးချုပ်ဦးနုအစိုးရထံ အပြီးအပိုင်လက်နက်စွန့်အပ်နှံပေးခဲ့ကြသည်။ ယင်းကာလ၌ မွန်ပြည်သူ့တပ်ဦး ခေါင်းဆောင်ပိုင်း တာဝန်ထမ်းဆောင်ခဲ့ပြီး လက်နက်အပ်နှံပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူများအနက် ယခုတိုင် သက်ရှိထင်ရှားရှိနေသူ မွန်ခေါင်းဆောင် ၂ ဦးကား လက်ရှိမွန်ဒီမိုကရေစီပါတီ MDP ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြသော နိုင်ထွန်းသိန်းနှင့် နိုင်ငွေသိမ်းတို့ ဖြစ်ကြသည်။

    ယင်းကဲ့သို့ မွန်ပြည်သူ့တပ်ဦး လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ခြင်းကို လက်မခံနိုင်သူ မွန်ပြည်သူ့တပ်ဦး ဗဟိုကော်မတီဝင် မဟာမိတ်ဆက်ဆံရေးတာဝန်ခံ – နိုင်ရွှေကျင်သည် နောက်တစ်ရက် ဇူလိုင်လ ၂၀ ရက်နေ့တွင် ၁၀ ဂဏန်းမျှသာ ကျန်ရှိသော အင်အားဖြင့် မွန်ပြည်သစ်ပါတီကို ဆက်လက် တည်ထောင်ခဲ့ပြီး လက်နက်ကိုင် မွန်တော်လှန်ရေးခရီး ဆက်လက်ချီတက်ခဲ့ရာ ယခုအခါ ၅၅ နှစ် တင်းတင်းပြည့်လေပြီ။

    ပြည်ထောင်စု မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိခဲ့သည်မှာ ၆၅ နှစ် ပြည့်ခဲ့သော်ငြား ပြည်တွင်းစစ် မချုပ်ငြိမ်းနိုင်သေးပေ။ အုပ်ချုပ်သူအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရန် ကြိုးပမ်းဆဲကာလဖြစ်သည်။ သို့ရာတွင် ပင်လုံစာချုပ် အချက်အလက်များအား သက်ဆိုင်ရာ အုပ်ချုပ်သူ အစိုးရခေါင်းဆောင်များ အကောင်အထည် မဖေါ်ခဲ့မှုနှင့် မွန်တို့၏ ဇူလိုင် ၁၉ အကြွင်းမဲ့ လက်နက်အပ်နှံခြင်း ဖြစ်ရပ်မှန်များက အတိတ်မှ ပစ္စုပ္ပန်ကာလသို့ အရိပ်လို လိုက်ပါနေမြဲ ဖြစ်ပေသည်။

    ယင်း ၁၉ ဇူလိုင် မွန်အမျိုးသားတို့၏ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ခဲ့ခြင်း၏ အကျိုးဆက်ကား ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ အာဏာသိမ်းမှုနှင့်အတူ မှတ်တမ်းမရှိသဖြင့် အရေအတွက် မဖေါ်ပြနိုင်ခဲ့သော မွန်ရဲဘော်များနှင့် မွန်ခေါင်းဆောင် ၁၀ ဦးထက်မနည်း နှစ်ရှည်ထောင်နန်းစံ ခဲ့ကြရလေသတည်း။ ထိုကြောင့် ဇူလိုင် ၁၉ သင်ခန်းစာများကို မွန်အမျိုးသားများနှင့်တကွ ဘဝတူ တိုင်းရင်းညီနောင်အားလုံး သတိချပ်မိစေရန်အလို့ငှာ အသိပေးတင်ပြအပ်ပါကြောင်း။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks