Homeသတင်းသံလွင်တိုင်းမ်ဂျာနယ် ထုတ်ဝေရေးခေတ္တရပ်နား

သံလွင်တိုင်းမ်ဂျာနယ် ထုတ်ဝေရေးခေတ္တရပ်နား

-

မင်းသုတ – မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် တစ်လနှစ်ကြိမ်ထုတ်ဝေလျှက်ရှိသော သံလွင်တိုင်းမ်ဂျာနယ် ယခုအခါခေတ္တရပ်နားထားရကြောင်း အယ်ဒီတာအဖွဲ့ဝင် မင်းမင်းနွယ်က ပြောသည်။

သံလွင်တိုင်းမ်ဂျာနယ်(သံလွင်တိုင်းမ်း)
သံလွင်တိုင်းမ်ဂျာနယ်(သံလွင်တိုင်းမ်း)
ယခင်ဖြန့်ချိခဲ့သော သံလွင်တိုင်းမ်ဂျာနယ် ရောင်းရငွေများ ပြန်လည်မရရှိသေးသဖြင့် ဆက်လက်ထုတ် ဝေရန် အခက်အခဲများကြုံတွေ့လာရကြောင်း သူကပြောသည်။

မင်းမင်းနွယ်က “ကျနော်တို့မှာ ဆက်လက်ထုတ်ဝေဖို့ငွေမလုံမလောက်ဖြစ်နေတယ်၊ ဒါကို ဘယ်လိုခရီး ဆက်ကြမလဲဆိုတာ ဒီလ ၃၀ ရက်နေ့မှာအစည်းအဝေးကြီးတစ်ခုခေါ်ထားပြီး ဆုံးဖြတ်ချက် ချကြမယ်” ဟု ပြောသည်။

အစည်းအဝေးပြုလုပ်ရာတွင် ဂျာနယ်တိုက်နှင့်ပတ်သက်သော ဝင်ငွေထွက်ငွေစာရင်း ရှင်းကြမည်ဖြစ်ရာ အစုရှယ်ယာမှ နှုတ်ထွက်သူ၊ ဆက်လက်လုပ်ကိုင်သူ၊ အသစ်ထပ်မံဝင်လို သူကိစ္စရပ်များ ပါဝင်မည်ဟု သိရသည်။

မွန်ပြည်နယ်အကြောင်း သတင်းများဖော်ပြသည့် သံလွင်တိုင်းမ်ဂျာနယ်သည် ၂၀၁၂ ခုနှစ် မေလ ၇ ရက်နေ့မှ တစ်လတစ်ကြိမ်စတင်ထုတ်ဝေခဲ့ပြီး နောက်ပိုင်းတွင် တစ်လနှစ်ကြိမ် ဆက်လက်ထုတ်ဝေခဲ့သည်ကို တွေ့ရှိရသည်။

စတင်ထုတ်ဝေချိန်မှ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် သံလွင်တိုင်းမ်ဂျာနယ် အတွဲ(၁) အမှတ် (၁၂) ကို နောက်ဆုံးထုတ်ဝေခဲ့ပြီး ခေတ္တရပ်နားထားခြင်းဖြစ်သည်။

လက်ရှိတွင် အစုရှယ်ယာဝင် ၁၆ ဦးခန့်ရှိပြီး ရှယ်ယာတစ်စုလျှင် တန်ဖိုးမည်မျှရှိ သည်ကို သံလွင်တိုင်းမ်အဖွဲ့မှ ထုတ်ဖေါ်ပြောကြားခြင်းမပြုခဲ့ပေ။

သံလွင်တိုင်းမ်းဂျာနယ်အယ်ဒီတာချုပ်နိုင်ချမ်းတွဲ့က “တစ်လတစ်ကြိမ်ထုတ်ခဲ့တုန်းက အရောင်း အားသာမန်ပါပဲ၊ ဒါပေမယ့် တစ်လနှစ်ကြိမ်ထုတ်လာတဲ့နောက်ပိုင်း ရောင်းအားပိုတက်လာတယ်၊ သတင်းစာမူတွေအဆင်သင့်ရှိပေမယ့် နောက်ဆက်ထုတ်နိုင်ဖို့ ငွေအရင်းအနှီးမလုံလောက်တော့ဘူး” ဟု ပြောသည်။

သံလွင်တိုင်းမ်ဂျာနယ်တိုက်သည် မော်လမြိုင်မြို့တွင် တစ်ခုတည်းသော ဂျာနယ်တိုက်ဖြစ်သည်။

အလားတူ မော်လမြိုင်အခြေစိုက် မွန်ဘာသာဖြင့်ထုတ်ဝေမည့် “စနောင်းတိုင်း” အမည်ရှိ သတင်းဂျာနယ်ထုတ်ဝေခွင့်ကို သက်ဆိုင်ရာသို့ လျှောက်တင်ထားပြီးဟု အယ်ဒီတာချုပ် မင်းစိန်တီက ပြောသည်။

“စနောင်းတိုင်း” သတင်းဂျာနယ်ရုံးခန်းဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေဆဲဟု မင်းစိန်တီက ဆက်ပြောသည်။

ဖဆပလခေတ် ၁၉၄၈-၆၂ ကာလများတွင် မွန်-ဗမာနှစ်ဘာသာဖြင့် သတင်းစာများထုတ်ဝေခဲ့ သော်လည်း ၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း မော်လမြိုင်အခြေစိုက် မွန်သတင်းစာ၊ ဂျာနယ်တိုက်များ ထားရှိခွင့်မပြုတော့ပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts