Homeသတင်းမွန်ဒုက္ခသည်များအား နိပွန်ဖောင်ဒေးရှင်းအကူအညီစတင်ပေးအပ်

မွန်ဒုက္ခသည်များအား နိပွန်ဖောင်ဒေးရှင်းအကူအညီစတင်ပေးအပ်

-

မင်းသုတ– မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေရှိ ရွာပုန်းရွာရှောင်ဒုက္ခသည်များအား ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းအဖွဲ့၏ လူသားချင်းစာနာမှု အကူအညီထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို မော်လမြိုင်မြို့ မွန်ပြည်နယ်ခန်းမ၌ ဒီဇင်ဘာ ၂၂ ရက်တွင် ကျင်းပခဲ့သည်။

SONY DSCဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းဥက္ကဌ Mr.Yohei Sasakawa က မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်ထံသို့ လူသားချင်းစာနာမှုအကူအညီများပေးအပ်ခဲ့ရာတွင် ဆန်အိတ် ၁၀ဝ၀ ၊ ဂျပန်ရိုးရာ တိုင်းရင်းဆေးဝါးများနှင့် ခေတ်မှီဆေးဝါးများပါဝင်သည်ဟု သိရသည်။

“ကျနော်တို့ဒေသမှာ ရွာပုန်းရွာရှောင်ဒုက္ခသည်တွေ တစ်သောင်းခွဲကျော်ရှိနေတယ်၊ ဟလော့ခနီ၊ ဗလဲ့ဒွန်းဖိုက်၊ ရေးချောင်းဖျား၊ ရေဖြူမြို့နယ်ဒေသအချို့မှာ အမှန်တကယ်ချို့တဲ့နေသူတွေကို ထောက်ပံ့ပေးတာဖြစ်တယ်” ဟု မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေးရုံးတာဝန်ခံ နိုင်ဟံသာဗိန်ခိုင်းက ပြောသည်။

 

ယင်းအခမ်းအနားသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဝင်များဖြစ်ကြသည့် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ ရထားပို့ဆောင်ရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးကျင်ဖေ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

မွန်ပြည်သစ်ပါတီကိုယ်စားလှယ်များတွင် ဥက္ကဌနိုင်ထောမွန်၊ ဗဟိုအုပ်ချုပ်ရေးဌာနတာဝန်ခံ နိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်တလညီနှင့် ဗဟိုကော်မတီဝင်အချို့တက်ရောက်ခဲ့ကြသည်။

ဂျပန်နိုင်ငံအဖွဲ့တွင် သံရုံးယာယီတာဝန်ခံ Mr.Ichiro Maruyama နှင့် သံရုံးအဖွဲ့ဝင်များ၊ မြန်မာတိုင်းရင်းသားများ၏ လူမှုဖူလုံရေးဆိုင်ရာ ဂျပန်နိုင်ငံ၏ချစ်ကြည်ရေးသံအမတ်ကြီး နိပွန်ဖောင်ဒေးရှင်းဥက္ကဌ Mr.Yohei Sasakawa နှင့်အဖွဲ့ဝင်တို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါအထောက်အပံ့ပေးရေးအစီအစဉ်တွင် မွန်ဒေသသို့ နိပွန်ဖောင်ဒေးရှင်းက လစဉ်ဆန်အိတ်တစ်ထောင်နှင့် ဆေးဝါးများ ဆက်လက်ပေးအပ်လှူဒါန်းသွားမည်ဟုလည်း သိရသည်။

နိပွန်ဖောင်ဒေးရှင်းသည် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ကိုယ်စားလှယ်များနှင့် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ယခုနှစ်အောက်တိုဘာလအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြရာတွင် တိုင်းရင်းသားဒေသများအတွက် လမ်းပန်းဆက်သွယ်ရေး၊ စားနပ်ရိက္ခာ၊ ဆေးဝါးများအပါအဝင် လူသားချင်း စာနာမှုဆိုင်ရာအကူအညီ အမေရိကန် ဒေါ်လာ ၃ သန်းပေးအပ်မည်ဟု ကတိပြုခဲ့ပြီး ခရီးသွားလာရေးလွယ်ကူသော မွန်နှင့်ကရင်ဒေသများသို့ ပဏာမအကူအညီစတင်ပေးအပ်ခြင်း ဖြစ်သည်။

ယင်းကူညီထောက်ပံ့မှုများသည် မြန်မာအစိုးရနှင့် UNFC အဖွဲ့ဝင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ပြုလုပ်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အစိတ်အပိုင်းတခုဖြစ်ကြောင်း Nippon Foundation က ထုတ်ပြန်ထားသည်။

UNFC သည် မွန်ပြည်သစ်ပါတီအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts