spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူ လူသတ်မှုတွင် တရားခံဟု ယူဆရသူကို ဖမ်းဆီးရမိ

    ဘုရားသုံးဆူ လူသတ်မှုတွင် တရားခံဟု ယူဆရသူကို ဖမ်းဆီးရမိ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ဘုရားသုံးဆူမြို့ အမှတ် ၄ ဥဒေါင်းကန်ရပ်ကွက်တွင် ဒဏ်ရာများနှင့် သေဆုံးသွားသည့် ကိုလွင်လွင်နောင်အား သတ်ဖြတ်သူဟု ယူဆရသည့် တရားခံကို ယမန်နေ့ ညနေ ၅ နာရီခန့်တွင် ဖမ်းဆီးရမိကြောင်း ရဲစခန်းနှင့် နီးစပ်သူများထံမှ သိရသည်။

    ဘုရားသုံးဆူမြို့ပေါ် မတည်ငြိမ်မှုမြင်ကွင်း
    ဘုရားသုံးဆူမြို့ပေါ် မတည်ငြိမ်မှုမြင်ကွင်း
    တရားခံဟု ယူဆရသူ ကိုလင်းလင်း အသက် ၂၆ အား ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နှင့် မိုင် ၅၀ အကွာရှိ ရဲတံခွန်ရွာ၌ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

    “ကိုလွင်နောင်နောင်ကို သတ်သွားတဲ့ သူက သူ့အမျိုးသမီးနဲ့အတူ ထွက်ပြေးရင်းနဲ့ပေါ့ ရဲတံခွန်မှာ အခြေချထားတဲ့ KBF တပ်ဖွဲ့က ဖမ်းမိတယ်” ဟု ရဲစခန်းနှင့် နီးစပ်သူတဦးက ပြောသည်။

    တရားခံဟု ယူဆရသူကို သံဖြူဇရပ် ရဲစခန်းသို့ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်းလည်း ရဲစခန်းနှင့် နီးစပ်သူများက ပြောသည်။

    ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ဘုရားသုံးဆူမြို့ အမှတ် ၄ ဥဒေါင်းကန်ရပ်ကွက်သို့ ကိုလွင်နောင်နောင်နှင့် ကိုလင်းလင်းတို့ မော်တော်ဆိုင်ကယ်ဖြင့် အလည်ထွက်သွားခဲ့ရာမှ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ဥဒေါင်းကန် ရေလယ်ကျွန်း၌ မော်တော်ဆိုင်ကယ်နှင့်အတူ ဓားထိုးဒဏ်ရာများဖြင့် သေဆုံးနေသည့် ကိုလွင်နောင်နောင်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

    ၎င်းတို့နှစ်ဦးသည် ဘုရားသုံးဆူရွာ ထိုင်းဘက်ကမ်း (ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခလပူရီမြို့နယ်) တွင် နေထိုင်ကာ ဇော်ဝင်းအထည်အလိပ်နှင့် ဖိနပ်စက်ရုံ၌ အတူအလုပ်လုပ်နေကြသည့် အလုပ်သမားများ ဖြစ်ကြသည်။

    သေဆုံးသူ ကိုလွင်နောင်နောင်၏ ရုပ်အလောင်းကို မိခင်ဖြစ်သူက တာဝန်ယူ၍ ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် မီးသဂြိုလ်ခဲ့ပြီး ဖြစ်သည်။

    “သူတို့နှစ်ဦးက သူငယ်ချင်းတွေပဲ၊ အလုပ်လုပ်တာလည်း တရုံတည်း။ ဘုရားသုံးဆူမြို့ကို အရက်သွားသောက်မယ် ဆိုပြီးတော့ သူတို့နှစ်ယောက် ထွက်သွားပြီးတော့ အသတ်ခံလိုက်ရတာ” ဟု သေဆုံးသူ ကိုလွင်နောင်နောင်နှင့် ရင်းနှီးသူတဦးက ပြောသည်။

    ဘုရားသုံးဆူမြို့ အမှတ် ၄ ရပ်ကွက် (ရွှေဥဒေါင်ကန်ရပ်ကွက်) တွင် အနီထောင်၊ အံဂလုံ၊ ဖဲနှင့် ပန်းသီးပုံး လောင်းကစားဝိုင်းများ၊ ပြည့်တန်ဆာခန်းများ ဖွင့်လှစ်ထားရှိပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ရာ နေရာလည်း ဖြစ်သည်ဟု မြို့ခံများက ပြောကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks