Homeသတင်းနယ်စပ်အရေးပေါ် ကူညီထောက်ပံ့မှုအစီအစဉ် မွန်နှင့်ကရင်ဒေသတွင် ပဏာမ စတင်မည်

နယ်စပ်အရေးပေါ် ကူညီထောက်ပံ့မှုအစီအစဉ် မွန်နှင့်ကရင်ဒေသတွင် ပဏာမ စတင်မည်

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ဂျပန်နိုင်ငံ နီပွန်ဖေါင်ဒေးရှင်း(Nippon Foundation)၏ မြန်မာနိုင်ငံ၊ တိုင်းရင်းသားနယ်မြေများအတွက် နယ်စပ်ဒုက္ခသည် အရေးပေါ်ကူညီထောက်ပံ့မှုအစီအစဉ်များတွင် မွန်နှင့်ကရင်ဒေသများသို့ လာမည့်လပိုင်းတွင် ပဏာမစတင်တော့မည်ဟု သိရသည်။

ဂျပန်ပြည်သွားရောက်ခဲ့သည့် UNFC ကိုယ်စားလှယ်အဖွဲ့အမှတ်တရဓါတ်ပုံ(NMSP)
နီပွန်ဖေါင်ဒေးရှင်းဖိတ်ကြားခဲ့သော ခရီးစဉ်၌လိုက်ပါခဲ့သူ မွန်ပြည်သစ်ပါတီနိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗိန်ခိုင်းက “လောလောဆယ်လမ်းပမ်းဆက်သွယ်ရေးနဲ့ နယ်မြေအနေအထားအရ မွန်နဲ့ကရင်ဒေသကို အကူအညီတွေ ပဏာမစတင်မှာပါ၊ တချိန်တည်းမှာပဲ အခြားတိုင်းရင်းသားဒေသအတွက်ကိုလည်း လိုအပ်တဲ့ညှိနှိုင်းမှုတွေလုပ်ပြီးရင် ထောက်ပံ့မှုတွေ ဆက်ပေးသွားမယ်လို့သိရတယ်” ဟု ပြောသည်။

နီပွန်ဖေါင်ဒေးရှင်းက နယ်စပ်ဒေသနှင့် တိုင်းရင်းသားနယ်မြေများရှိ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် လမ်းပန်းဆက်သွယ်ရေး၊ စားနပ်ရိက္ခာ၊ ဆေးဝါးများအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များအတွက် အမေရိကန် ဒေါ်လာ ၃ သန်း အရေးပေါ် ကူညီပံ့ပိုးမှုများပေးအပ်ရန် ပြီးခဲ့သည့်သီတင်းပတ်၌ UNFC ကိုယ်စားလှယ်များဂျပန်ပြည်ခရီးစဉ်အတွင်း သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်သည်။

ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)မှ ကိုယ်စားလှယ် ၁၉ ဦးတို့က ဂျပန်နိုင်ငံသို့ အောက်တိုဘာ ၁၇ ရက်နေ့က သွားရောက်ခဲ့ပြီး ၂၃ ရက်နေ့တွင် ခရီးစဉ်ပြီးဆုံးခဲ့သည်။

ယင်းခရီးစဉ်တွင် ရှေးဟောင်းနန်းတော်၊ ဂျပန်ရိုးရာဓလေ့ယဉ်ကျေးမှုများ၊ သဘာဝဝန်းကျင်ထိန်းရေးနှင့် လက်ရှိဂျပန်နိုင်ငံ၏မြို့ပြများအနေအထားကို လေ့လာတွေ့ရှိခဲ့ရသည်ဟု နိုင်ဟံသာဗွန်ခိုင်းက ပြောသည်။

သူက “ဂျပန်နိုင်ငံဟာ စက်မှုနဲ့သိပ္ပံနည်းပညာတွေတိုးတက်နေသလို ရိုးရာအစဉ်အလာကောင်းတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းတတ်တဲ့လူမျိုးတစ်မျိုးလည်းဖြစ်တယ်၊ ကျနော်တို့လည်း နိုင်ငံတော်သစ်တည်ဆောက်တဲ့အခါမှာ ဂျပန်တွေကိုစံနမူနာယူသင့်တယ်” ဟု ပြောသည်။

UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက “နီပွန်ဖေါင်ဒေးရှင်းကပေးအပ်တဲ့အကူအညီတွေဟာ UNFC အဖွဲ့ဝင်တွေရဲ့နယ်မြေအပြင် အဖွဲ့ဝင်မဟုတ်တဲ့ ရခိုင်နဲ့ ရှမ်းပြည်တောင်ပိုင်းဒေသတွေကိုလည်း ထောက်ပံ့ရေးအစီအစဉ်တွေမှာ ပါရှိပါတယ်” ဟုပြောသည်။

နီပွန်ဖေါင်ဒေးရှင်းသည် လူသားစာနာမှုအကူအညီပေးရေးသာမက မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက်လည်း ကြားဝင်ဆောင်ရွက်ပေးမည့် အစီအစဉ်များရှိသည်ဟုလည်း သိရသည်။

ပြီးခဲ့တဲ့ရက်ပိုင်အတွင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအနေဖြင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် အလွတ်သဘောတွေဆုံရန် အကြောင်းကြားလာခဲ့သော်လည်း နှစ်ဖက်တွေ့ဆုံမည့်နေ့ရက် အတိအကျမသတ်မှတ်ရသေးကြောင်း နိုင်ဟံသာက ပြောသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၁၁)ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည်။

UNFC အဖွဲ့ဝင် ၁၁ ဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO မှလွဲ၍ ကျန်ရှိသောတိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့မှာ မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts