Homeသတင်းUNFC နှင့် အမြန်တွေ့ဆုံလိုသည်ဟု ဝန်ကြီးဦးအောင်မင်း အကြောင်းကြား

UNFC နှင့် အမြန်တွေ့ဆုံလိုသည်ဟု ဝန်ကြီးဦးအောင်မင်း အကြောင်းကြား

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအနေဖြင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် အမြန်တွေ့ဆုံလိုသည်ကို အကြောင်းကြားလာခဲ့ကြောင်း UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

နိုင်ဟံသာက “ဦးအောင်မင်းက ဒီရက်ပိုင်းမှာအမြန်တွေ့ဆုံချင်တယ်လို့ ဆရာ ကိုညိုအုန်းမြင့် ကတဆင့် ပြောလာတယ်၊ ကျနော်က ဒီလ ၂၅ ရက်နောက်ပိုင်းမှ တွေ့နိုင်မယ်လို့ အကြောင်းပြန် လိုက်တယ်”ဟု ပြောသည်။

လွတ်လပ်သောမွန်သတင်းအေဂျင်စီနှင့် နိုင်ဟံသာအင်တာဗျူးနေပုံ(IMNA)
ထိုသို့တွေ့ဆုံရာတွင် အလွတ်သဘောတွေ့ဆုံခြင်းသာဖြစ်ပြီး မည်သည့်အကြောင်းအရာများ ဆွေးနွေးကြမည်ကို UNFC အနေနှင့် ဆုံးဖြတ်ချက်မရှိသေးကြောင်း ၎င်းက ပြောသည်။

UNFC အဖွဲ့ကိုယ်စားလှယ် ၁၉ ဦး ဂျပန်ပြည်သို့ ရောက်ရှိနေပြီး လာမည့်ရက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ပြန်ရောက်မည်ဖြစ်သည့်အတွက် ဝန်ကြီးဦးအောင်မင်းနှင့် မည်သို့မည်ပုံတွေ့ဆုံရမည်ကို အဖွဲ့တွင်းအသေးစိတ်ဆွေးနွေးသွားမည်ဟု သိရသည်။

ဂျပန်နိုင်ငံ နီပွန်ဖေါင်ဒေးရှင်း Nippon Foundation ဖိတ်ကြားချက်အရ အထက်ပါ UNFC အဖွဲ့ကိုယ်စားလှယ်များ အောက်တိုဘာ ၁၇ ရက်နေ့မှစပြီး ဂျပန်နိုင်ငံတစ်ပတ်ကြာခရီးထွက်ခွာနေခြင်း ဖြစ်သည်။

နီပွန်ဖောင်ဒေးရှင်းသည် နယ်စပ်ဒေသနှင့်တိုင်းရင်းသားနယ်မြေရှိ ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ (၃) သန်းနဲ့ညီမျှသော အရေးပေါ်ကူညီပံ့ပိုးမှုများပေးအပ်ရန် UNFC နှင့်သဘောတူခဲ့ပြီးဖြစ်သည်။

“ပထဝီအနေအထားအရ အချို့အကူအညီတွေ ပြည်တွင်းမြန်မာအီးဂရက်ကနေတဆင့်ပို့ပေးဖို့ အစိုးရခွင့်ပြုပေးထားတယ်လို့ နီပွန်ဖေါင်ဒေးရှင်းဥက္ကဌက ကျနော့်တို့ကိုပြောခဲ့တယ်၊ ထိုင်းနယ်စပ်ကနေလည်း ပေးပို့မယ်၊ UNFC အဖွဲ့ဝင်မဟုတ်တဲ့ အခြားတိုင်းရင်းသားနယ်မြေ ရခိုင်နဲ့ရှမ်းပြည်နယ် ဘက်ကိုလည်းအကူအညီပေးဖို့ စီစဉ်ထားပါတယ်” ဟု နိုင်ဟံသာက ပြောသည်။

နီပွန်ဖောင်ဒေးရှင်းသည် လူသားစာနာမှုအကူအညီပေးရေးသာမက မြန်မာအစိုးရနှင့် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့တို့၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းရပ်များ ကြားဝင်ဆောင်ရွက်ပေးမည့် အစီအစဉ်များရှိနေကြောင်း သိရသည်။

ဝန်ကြီးဦးအောင်မင်းသည် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့သော်လည်း UNFC အဖွဲ့ဝင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အပစ်ရပ်ဆွေးနွေးမှုမအောင်မြင်ခဲ့သေးပေ။

UNFC တိုင်းရင်းသားလက်နက်ကိုင် ၁၁ ဖွဲ့တွင် ချင်းအမျိုးသားတပ်ဦး CNF၊ ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် KIO၊ ကရင်အမျိုးသား အဖွဲ့ချုပ် KNO၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU၊ ရခိုင်အမျိုး သားစည်းရုံးညီညွတ်ရေးပါတီ NUPA၊ မွန်ပြည် သစ်ပါတီ NMSP၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး PSLF၊ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် PNLO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP-SSA နှင့် ဝ အမျိုးသားအဖွဲ့ချုပ် WNO တို့ပါဝင်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts