Homeသတင်းဘုရားသုံးဆူနယ်စပ်မြို့တွင် မော်တော်ဆိုင်ကယ်လိုင်စင်စတင်ပြုလုပ်ပေးပြီ

ဘုရားသုံးဆူနယ်စပ်မြို့တွင် မော်တော်ဆိုင်ကယ်လိုင်စင်စတင်ပြုလုပ်ပေးပြီ

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ– ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့၌ တရားမဝင်မော်တော်ဆိုင်ကယ်များအား တစ်ပြည်လုံးပြေးဆွဲနိုင်သောလိုင်စင်များ ယနေ့တွင် စတင်ပြုလုပ်ပေးနေပြီဟု သိရသည်။

ဖားအံနှင့် ကြာအင်းဆိပ်ကြီးမြို့များမှ အကောက်ခွန်၊ ကညန၊ အခွန်ဦးစီး၊ အာမခံ၊ ဘဏ်ဝန်ထမ်းများပါဝင်သည့်အဖွဲ့သည် ယနေ့နံနက် ၉ နာရီမှ one stop service ဝန်ဆောင်မှုစံနစ်ဖြင့် ဘုရားသုံးဆူမြို့၊ ပြည်ထောင်စုခန်းမတွင် မော်တော်ဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးနေခြင်းဖြစ်သည်။

“နေ့ချင်းပြီးရတယ်၊ မှတ်ပုံတင်ပဲလိုအပ်တယ်၊ လျှောက်လွှာတွေဖြည့်ပြီးရင် တဆင့်ပြီးတဆင့်ဆက်လုပ်သွားတာပါပဲ” ဟု ဘုရားသုံးဆူမှ ဆိုင်ကယ်လိုင်စင်ပြုလုပ်ခဲ့သူတစ်ဦးက ပြောသည်။

ဘုရားသုံးဆူမြို့ ပြည်ထောင်စုခန်းမ၌ မော်တော်ဆိုင်ကယ်လိုင်စင်ပြုလုပ်နေသည့် ယနေ့မြင်ကွင်း(Photo-IMNA)
ထုတ်လုပ်သည့်နှစ်မော်ဒယ်အလိုက် ၂၀ဝ၀ ခုနှစ်မတိုင်မီ၊ ၁၁၀ စီစီအောက်အင်ဂျင်အမျိုးအစားများကို အနိမ့်ဆုံး ၄၇၆၀ဝ ကျပ်၊ ၂၀၁၁ နှစ်နောက်ပိုင်း ၁၂၅ စီစီအထက်အင်ဂျင်အမျိုးအစားများကို ၁၄၇၅၅၀-ကျပ် ကုန်ကျသည်ဟု ကညနမှထုတ်ပြန်သည့် စာရင်းအရသိရသည်။

အထက်ပါကောက်ခံမှုနှုန်းတွင် အကောက်ခွန် ၅ ရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်းနှုန်း၊ ကညန ၂၂၀ဝ၀ ကျပ်၊ အာမခံကြေး ၂၅၅၀ ကျပ်၊ ဘဏ်ဝန်ဆောင်ခ ၅၀ဝ ကျပ် ပါဝင်သည်။

“အရင်က မလမ၊ ကကရ လိုင်စင်တွေကမြေကန့်သတ်ထားတယ်၊ အခုတစ်ပြည်လုံးပြေးဆွဲခွင့်လိုင်စင်ဆိုတော့ စိတ်ဝင်စားတဲ့သူတွေများတာပေါ့”ဟု ဘုရားသုံးဆူမြို့မှ ဆိုင်ကယ်တက္ကစီသမားတစ်ဦးပြောသည်။

ယခင် နယ်မြေကန့်သတ်ထားသောမော်တော်ဆိုင်လိုင်စင်ပြုလုပ်ခဲ့ရာတွင် တစ်စီးလျှင် ငွေကျပ်နှစ်သိန်းခန့် ကုန်ကျခဲ့ပြီး ဖြစ်သည်ဟု ၄င်းကပြောသည်။

ယနေ့ မော်တော်ဆိုင်ကယ်လိုင်စင်နံပါတ်များမှာ ၂၇ယ/၉၁၄– ဝန်းကျင်ဖြစ်သည်ဟုသိရပြီး ဘုရားသုံးဆူမြို့တွင် မော်တော်ဆိုင်ကယ်စီးရေ ၂၀ဝ ကျော်ပြုလုပ်ခဲ့သည်ဟု ခန့်မှန်းပြောဆိုကြသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

မော်တော်ဆိုင်ကယ်လိုင်စင်သစ်ပြုလုပ်သည့်အစီအစဉ်ကို တပြည်လုံးအတိုင်းအတာဖြင့် ဇွန်လ ၅ ရက်နေ့မှစတင်ပြုလုပ်ခဲ့ပြီး လာမည့်အောက်တိုဘာလ ၄ ရက်နေ့တွင် ရပ်နားတော့မည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနက ပြောကြားခဲ့ကြောင်း အင်တာနက်သတင်းစာမျက်နှာများတွင် ဖော်ပြပါရှိသည်။

ဇွန်လ ၅ ရက်နေ့မှ စက်တင်ဘာလ ၂၁ ရက်အနေ့အထိ မြန်မာပြည်တစ်ဝန်းရှိ တရားမဝင် မော်တော်ဆိုင်ကယ်ပေါင်း ၆၃၀ဝ၀ဝ ကျော်ကို လိုင်စင်ထုတ်ထားပေးပြီးဖြစ်သည်။

ထို့အပြင် လာမည့် အောက်တိုဘာလ ၄ ရက်နေ့ သတ်မှတ်ရက်ကုန်ဆုံးပြီးနောက် ယင်းလိုင်စင် မပြုလုပ်သောသူများ စီးနင်းလာသည်ကိုတွေ့ရှိပါ က အရေးယူဖမ်းဆီးသွားမည်ဟုလည်း မြို့နယ် မော်တော်ယာဉ်ထိန်းသိမ်းရေးကော်မတီ(မထသ)က မော်လမြိုင်မြို့ပေါ်တွင် အသံချဲ့စက်များဖြင့် လှည့်လည်လိုက်လံနှိုးဆော်မှုများပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှစ၍ တရားမဝင် တင်သွင်းထားသော မော်တော်ဆိုင်ကယ်များ ကောက်ခံရရှိသော စာရင်းအရ အစီးရေ ၁၉၅၈၁၂ စီးရှိပြီး ၁၉၉၉မှ ၂၀၁၂ ခုနှစ်ထိ မော်တော်ဆိုင်ကယ်အစီးရေ ၁၅၈၇၂၉၂ စီးအား လိုင်စင်ထုတ်ပေးခဲ့သည်ဟု နိုင်ငံပိုင် သတင်း စာများတွင် ဖော်ပြခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts