Homeသတင်းဖားအံမြို့တွင်ဖွင့်လှစ်မည့်ဆက်ဆံရေးရုံးကိစ္စ ကေအဲန်ယူမသိရှိဟုကြေညာချက်ထုတ်ပြန်

ဖားအံမြို့တွင်ဖွင့်လှစ်မည့်ဆက်ဆံရေးရုံးကိစ္စ ကေအဲန်ယူမသိရှိဟုကြေညာချက်ထုတ်ပြန်

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ကရင့်အမျိုးသားလွတ်လပ်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် အဖွဲ့ဝင်အချို့ ကရင်ပြည်နယ်၊ ဖားအံမြို့၌ မနက်ဖြန်တွင် ဗဟိုအဆင့်ဆက်ဆံရေးရုံး ဖွင့်လှစ်မည့်အစီအစဉ်ကို ကေအဲန်ယူဗဟိုဌာနချုပ်က တစ်စုံတရာမသိရှိရကြောင်း ယမန်နေ့က ကြေညာချက်ထုတ်ပြန်လိုက်သည်။

KNU ၏ထုတ်ပြန်ကြေညာချက်
ကေအန်ယူ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က “ဖားအံမှာ ဖွင့်လှစ်မယ့်ဆက်ဆံရေးရုံး ကိစ္စကို တစ်စုံတစ်ရာတိုင်ပင်ခဲ့တာမရှိခဲ့တော့ ဗဟိုဌာနချုပ်ကဘာမှမသိဘူး၊ အဲတော့ အခုဖွင့်လှစ်မယ့် ဆက်ဆံရေးရုံးဆိုတာကလဲ ဗဟိုအဆင့်ဖွင့်မယ့်ဆက် ဆံရေးရုံးမဟုတ်ဘူးဆိုတာ သိစေဖို့ ကျမတို့ဗဟိုဌာနချုပ်က ဒီကြေညာချက်ကို ထုတ်ပြန်လိုက်တာပါ” ဟု ပြောသည်။

ဗိုလ်ချုပ်မူတူးစေးဖိုးဦးဆောင်သော ၃၁ ဦးပါအဖွဲ့သည် မြန်မာအစိုးရနှင့်တွေ့ဆုံရန် ကရင်ပြည်နယ် ဖားအံမြို့ သို့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရောက်ရှိသွားပြီး စက်တင်ဘာ ၂၉ ရက်နေ့၌ ဗဟိုအဆင့် ဆက်ဆံရေးရုံးဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖေါ်ပြ ထားသည်။

အဆိုပါခရီးစဉ်သည် KNU-ကရင်အမျိုးသားအစည်းအရုံးနှင့် KNLA-ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် ဗဟိုစစ်ဌာနချုပ်၏ အစီအစဉ်မဟုတ်ဟု ကေအဲန်ယူဗဟိုကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် ကရင်အမျိုးသားအစည်းအရုံး၏ ဌာန(၁၄) ခုအနက် တစ်ခုဖြစ်သည့် ကရင်အမျိုးသားကာကွယ်ရေးဌာန၏ အုပ်ချုပ်မှုနှင့် ဦးဆောင်မှု အောက်တွင်တည်ရှိပြီး ဗဟိုအဆင့်ဆက်ဆံရေးရုံးဖွင့်လှစ်သည့်ကိစ္စနှင့် မသက်ဆိုင်ကြောင်း နော်စီဖိုးရာစိန်က ပြောသည်။

ယခုလပထမပတ်တွင် ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သော အဖွဲ့နှင့် မြန်မာအစိုးရကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ဖားအံမြို့၊ ဇွဲကပင်ဟိုတယ်၌ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ နှစ်ဖက် လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများကို မူအားဖြင့် သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်သည်။

ကေအဲန်ယူနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ နှစ်ဘက်အကြား ၂၀၁၂ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကရင်ပြည်နယ် ဇွဲကပင်ဟိုတယ်ဆွေးနွေးပွဲ၌ အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးများဖွင့်လှစ်ရေး၊ လက်နက်မဲ့နှစ်ဘက်သွားလာခွင့်ပေးရေးတို့ အပါအဝင် ပြည်နယ် အဆင့် အချက် ၄ ချက်ကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts