Homeသတင်းမွန်အဆိုအကအရေးအတီးပြိုင်ပွဲ ဆုချီးမြှင့်ပေးပွဲအခမ်းအနားကျင်းပ

မွန်အဆိုအကအရေးအတီးပြိုင်ပွဲ ဆုချီးမြှင့်ပေးပွဲအခမ်းအနားကျင်းပ

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ– မွန်ပြည်နယ် အဆိုအကအရေးအတီးပြိုင်ပွဲ ဆုချီးမြှင့်ပေးပွဲအခမ်းအနားကို မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမဆောင်၌ ယနေ့နံနက် ၉ နာရီတွင် စတင်ကျင်းပခဲ့သည်။

၂၄ ယောက်မွန်ယိမ်းအကအလွတ်တန်းပြိုင်ပွဲအဖွဲ့တစ်ဖွဲ့ ပါဝင်ယှဉ်ပြိုင်နေစဉ်(Photo- မိကွန်းထော)
အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်ဦးဆောင်သော ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးကျင်ဖေ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အသီးသီးမှ အစိုးရဝန်ထမ်းများနှင့် ဆုရရှိသူများတက်ရောက်ခဲ့ကြပြီး မွန်းတည့် ၁၂ နာရီတွင် ကျင်းပပြီးစီးခဲ့သည်။

“မွန်အနုပညာသည် ဝါသနာရှင် ၂၈၀ ကျော်ဝင်ပြိုင်တယ်၊ ဘီးလင်းမြို့နယ်မှအပ ကျန်တဲ့မြို့နယ် ၉ မြို့ကနေ လာရောက်ယှဉ်ပြိုင်တာဖြစ်တယ်”ဟု မွန်အဆိုအကအရေးအတီးပြိုင်ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး မင်းအောင်ထူးက ပြောသည်။

မွန်အဆိုအကအရေးအတီးပြိုင်ပွဲကို မော်လမြိုင်မြို့၊ အမှတ် ၅ အထက၌ စက်တင်ဘာ ၂၄ နှင့် ၂၅ ရက်နေ့များတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဒိုင်ချုပ်များအဖြစ် နိုင်ကျန်ရစ်(အဆို)၊ မိမြသန်း(အက)၊ မင်းအောင်ထူး(အရေး)နှင့် နိုင်ထောပိုင် (အတီး) တို့ ဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။

မွန်ခေတ်ဟောင်း၊ ကာလပေါ်(ကျား-မ အလွတ်တန်း)၊ ခေတ်ဟောင်း၊ ကာလပေါ်(ကျား-မ အခြေခံအဆင့်)၊ အရေးပြိုင်ပွဲ၊ အကပြိုင်ပွဲတွင် ခေတ်ဟောင်းနှစ်ပါးသွား၊ တပင်တိုင် (အခြေခံအဆင့်)၊ တပင်တိုင်(အလွတ်တန်း)အကများနှင့် မိကျောင်းတူရိယာ (အလွတ်တန်း) ပြိုင်ပွဲများမှ ဆုရရှိသူများကိုလည်း ဆုချီးမြှင့်ခဲ့ကြသည်။

မွန်မဟာဂီတ(အလွတ်တန်း) ပြိုင်ပွဲတွင် နိုင်ချမ်းအေး(သံဖြူဇရပ်မြို့နယ်) နှင့် မိစောပု(ကျိုက်ထို) တို့က အထူးဆု၊ ၂၄ ယောက်(ယိမ်း) အလွတ်တန်းပြိုင်ပွဲတွင် မိဥမ္မာချမ်းနှင့်အဖွဲ့(မုဒုံမြို့နယ်)တို့က ပထမ၊ မိညီညီလှိုင်နှင့်အဖွဲ့(ကျိုက်မရောမြို့နယ်)တို့က ဒုတိယ၊ မိငုဝါလှိုင်နှင့်အဖွဲ့(ရေးမြို့နယ်)တို့က တတိယဆု အသီးသီးရရှိခဲ့ကြသည်။

“အခုလိုပြည်နယ်အဆင့် မွန်အဆိုပြိုင်ပွဲမဝင်ခဲ့ရတာ ၂၅ နှစ်နီးပါးရှိခဲ့ပြီ၊ အရင်က အတူပြိုင်ပွဲဝင်ခဲ့တဲ့ရဲဘော်ရဲဘက်တွေလည်း သူ့လုပ်ငန်းတာဝန်နဲ့သူ၊ ကျနော်တို့ မွန်အနုပညာရှင်တွေ အတော်နည်းသွားပြီ” ဟု နိုင်ချမ်းအေးက ပြောသည်။

မွန်တိုင်းရင်းသားတို့၏ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲများကို ၁၉၈၀ ခုနှစ်ကာလများမှစတင်၍ မဆလ ခေတ် မွန်ပြည်နယ်နေ့ အခမ်းအနားများ၌ နှစ်စဉ်ထည့်သွင်းကျင်းပခဲ့ပြီး ၁၉၈၈ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက် ပြည်နယ်နေ့အခမ်းအနားများ ရပ်နားခဲ့သည်။

ထို့နောက် မွန်ပြည်သစ်ပါတီနှင့် နဝတစစ်အစိုးရ အပစ်ရပ်စဲဆွေးနွေးသည့်ကာလများဖြစ်သည့် ၁၉၉၄-၉၅-၉၆ နှစ်များ၌ မွန်ပြည်နယ်နေ့အခမ်းအနားများ စည်ကားသိုက်မြိုက်စွာ ၃ ကြိမ်တိုင်တိုင် ပြန်လည်ကျင်းပခဲ့ရာတွင် မွန်ရိုးရာအဆိုအက ပြိုင်ပွဲများကို မတွေ့ရှိခဲ့ရတော့ပေ။

မြန်မာရိုးရာ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲများကို မြို့နယ်၊ ပြည်နယ်/တိုင်းနှင့် ဗဟိုအဆင့်စသဖြင့် ၁၉၉၄ ခုနှစ်မှစတင်၍ ကျင်းပခဲ့ပြီး ယခုအခါ ၁၉ ကြိမ်မြောက် ဖြစ်သည်။

မွန်ပြည်နယ်၊ ၁၉ ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆိုအက အရေးအတီး ပြိုင်ပွဲကို အမှတ် ၈ အထကတွင် အဆိုပြိုင်ပွဲ၊ ပညာရေးကောလိပ်တွင် အတီးပြိုင်ပွဲ၊ ပြည်နယ်ခန်းမတွင် အကပြိုင်ပွဲများ စက်တင်ဘာ ၂၄-၂၅ ရက်များတွင် ကျင်းပခဲ့ပြီးဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts