Homeသတင်းတိုင်းရင်းသားပါတီများ ထိုင်းအုပ်ချုပ်ရေးစနစ်သွားရောက်လေ့လာ

တိုင်းရင်းသားပါတီများ ထိုင်းအုပ်ချုပ်ရေးစနစ်သွားရောက်လေ့လာ

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီဝင်များနှင့် ပြည်နယ်လွှတ်တော်အမတ်အချို့ ထိုင်းနိုင်ငံအုပ်ချုပ်ရေးစနစ်ကိုလေ့လာရန် ယနေ့ ဘန်ကောက်မြို့သို့ ရောက်ရှိနေကြသည်။

ထိုင်းအထက်လွှတ်တော်အဆောက်အဦးရှေ့တွင် အမှတ်တရဓါတ်ပုံ ရိုက်ကူးခဲ့စဉ်(ပုံ – BNI)

ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသားပါတီများဝင်နှင့် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီတို့မှ ၂၂ ဦးပါဝင်ပြီး မွန်ပြည်နယ်အဆင့်လွှတ်တော်အမတ် ၂ ဦးနှင့် ရှမ်းပြည်နယ် အဆင့် လွှတ်တော်အမတ် ၃ ဦးပါဝင်ကြောင်း ယင်းအဖွဲ့တွင်ပါဝင်သူ မွန်ပြည်နယ်၊ ချောင်းဆုံ လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“ထိုင်းဆီးနိတ်အထက်လွှတ်တော်ကို ဒီကနေ့ကျနော်တို့အဖွဲ့ သွားရောက်လေ့လာခဲ့တယ်၊ လွှတ်တော်ဥက္ကဌကလည်း ကျနော်တို့အဖွဲ့ကို ကြိုဆိုနှုတ်ဆက်တဲ့စကားပြောပါတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် မနက်ဖြန်တွင် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးရုံးသို့ ဆက်လက်သွားရောက်လေ့ လာကြမည်ဟုလည်း သိရသည်။

ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်သူငြိမ်းက “ဒီထိုင်းကိုမလာခင် ရန်ကုန်မြန်မာ အီးဂရက်မှာ သူတို့သင်တန်းတက်ခဲ့ပါတယ်၊ အခုကျနော်တို့ဗဟုအဖွဲ့ရယ် ချင်းမိုင်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံနဲ့ ပြည်သူ့အုပ်ချုပ်ရေး Public administration ဌာနတို့ပေါင်းပြီး စာတွေ့သင်ကြား ပို့ချပြီးပြီ၊ အခု ဘန်ကောက်က ပါလီမန်နဲ့ အစိုးရအုပ်ချုပ်ရေးဌာနတွေကို ဆက်လက်လေ့လာ နေတာပါ” ဟု ပြောသည်။

ထို့နောက် ဘန်ကောက်မြို့တော်ရှိ ထိုင်းအမျိုးသား စီးပွားရေးနှင့်လူမှုဖွံ့ဖြိုးရေးဘုတ် National economic and social development board အဖွဲ့သို့ သွားရောက်လေ့လာရန် အစီအစဉ် ရှိကြောင်း ဗဟုဖွံ့ဖြိုးရေးအဖွဲ့ထံမှ သိရသည်။

ဗဟုဖွံ့ဖြိုးရေးအဖွဲ့ကို ၂၀ဝ၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျေးလက်ဒေ သ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ရည်ရွယ် ချက်ဖြင့် ဖွဲ့စည်းလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိဗဟုဖွံ့ဖြိုးရေးအဖွဲ့၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့၌ ဒေါက်တာ ဇော်ဦး၊ ဦးအောင်နိုင်ဦး ၊ ဦးအောင်သူငြိမ်း၊ ဦးဝင်းမင်း တို့ဖြစ်ကြပြီး ၄င်းတို့သည် ၁၉၈၈ အရေးတော်ပုံအပြီးတွင် ထိုင်းနယ်စပ်ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့သို့ဝင်ရောက်၍ ထိပ်ပိုင်း ခေါင်းဆောင် တာဝန်များကို ထမ်းဆောင်ခဲ့သူများလည်း ဖြစ်သည်။

ဗဟု ဖွံ့ဖြိုးရေးအဖွဲ့သည် ပြည်တွင်းမှ သင်တန်းသားများကို ခေါ်ယူ၍ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ဘာသာရပ်များကို ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်နှင့် ချိတ်ဆက်၍ လူမှုဖွံ့ဖြိုးရေး အစီအစဉ် Community Development and Civic Empowerment (CDCE) ကိုလည်း ပြည်တွင်းမှသင် တန်းသားများခေါ်ယူ၍ သင်တန်းများဖွင့်လှစ် ပို့ချပေးနေသည်။

ယခုသင်တန်းတွင် တိုင်းရင်းသားပါတီဝင်များအား ထိုင်းအစိုးရ၏အုပ် ချုပ်ရေးစနစ်ကို လေ့လာခြင်းဖြစ်ပြီး ယခုလ ၁၆ ရက်နေ့က မြန်မာပြည်မှလေယာဉ်ခရီးစဉ်ဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိလာကြရာ စက်တင်ဘာလ ၂ ရက်နေ့တွင် ခရီးစဉ်ပြီးဆုံးမည်ဖြစ်သည်။

ယမန်နှစ် ထိုင်းရွေးကောက်ပွဲကျင်းပချိန် ဇူလိုင်လတွင်လည်း ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် NDF ပါတီဝင်များမှ ကိုယ်စားလှယ် ၁၂ ဦးပါဝင်သောအဖွဲ့သည်လည်း ဘန်ကောက်မြို့သို့ လာရောက် လေ့လာခဲ့ကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts