Homeသတင်းKNU နှင့် အစိုးရတို့ တတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးရန် တွေ့ဆုံတော့မည်

KNU နှင့် အစိုးရတို့ တတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးရန် တွေ့ဆုံတော့မည်

-

ဂျူရီချိုင်း – ကရင်အမျိုးသားအစည်းအရုံး KNUနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ယခုလကုန်ပိုင်းတွင် တတိယအကြိမ် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲကို ကရင်ပြည်နယ် ဖားအံမြို့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း KNU ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးက ပြောသည်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ဆွေးနွေးရာတွင် ရန်ကုန်မြို့၌ ဒုတိယအကြိမ် ပြည်ထောင် စုအဆင့် ဆွေးနွေးမှုများကို ပြန်လည်သုံးသပ်ပြီး ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေး ပေါ်ပေါက်ရေး၊ နှစ်ဘက် လိုက်နာရမည့် ကျင့်ဝတ်ဆိုင်ရာများနှင့် တပ်အပြောင်းအရွှေ့ ရုပ်သိမ်းမည့်ကိစ္စများကို အဓိကထား ဆွေးနွေးသွားမည်ဟု နော်မေဦးက ပြောသည်။

၎င်းက “အဓိက သူတို့တပ် (ဗမာ့တပ်မတော်) တွေ ရှိနေရင် ပြည်သူလူထုတွေ ဘဝလုံခြုံမှု မရှိဘူး၊ ပြည်သူလူထုတွေ လုံခြုံရေးရှိအောင်ဆိုပြီး တပ်လျှော့ဖို့ကိစ္စတွေပဲ နှစ်ဖက်စလုံးပြေလည်ဖို့ ရတဲ့အထိ ကျမတို့ ကြိုးစားပြီး ဆွေးနွေးသွားမယ်” ဟု ပြောသည်။

တတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ကေအန်ယူဘက်မှ တပ်နှင့် နိုင်ငံရေးဆွေးနွေးရန် ပါဝင်မည့်ကိုယ်စားလှယ်များကို ပြန်လည်ရွေးချယ်သွားမည်ဟု နော်မေဦးက ပြောသည်။

တတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်ရန် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် အစိုးရ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ကိုယ်စားလှယ်များက ယခုလ ၅ ရက်နေ့က အကြို ညှိနှိုင်း ဆွေးနွေးပွဲတရပ်ကို ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ယင်းညှိနှိုင်း ဆွေးနွေးပွဲတွင် KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သော အဖွဲ့ဝင် ၃ ဦးနှင့် အစိုးရဘက်မှ ရထားဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ၊ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းတို့ ပါဝင်ကြသည်။

အပစ်အခတ်ရပ်စဲရေး တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို KNU ဘက်က ကရင်ပြည်နယ် ဖားအံမြို့၌ အဆိုပြုထားပြီး ယခုလ ၂၇ ရက်နေ့မှစတင်၍ ၂ ရက်ခန့်အကြာ ဆွေးနွေးသွား မည်ဟု နော်မေဦးက ပြောသည်။

KNU နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က ကရင်ပြည် နယ် ဖားအံမြို့တွင် အပစ်အခတ် ရပ်စဲရေးအတွက် ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ပြီး ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေ့နွေးပွဲ ကို ဧပြီလ ၆ ရက်နေ့ ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် တွေ့ဆုံခဲ့သည်။

ဦးအောင်မင် ခေါင်းဆောင်သောအဖွဲ့နှင့် KNU ကိုယ်စားလှယ်တို့ နှစ်ဘက်အကြား ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ ဖားအံမြို့ ဇွဲကပင်ဟိုတယ် ဆွေးနွေးပွဲ၌ အပစ်အခတ်ရပ်စဲရေး ဆက်ဆံ ရေးရုံးများ ဖွင့်လှစ်ပေးရေး၊ လက်နက်မပါဘဲ နှစ်ဘက်သွားလာခွင့်ပေးရေးတို့ အပါအဝင် ပြည်နယ်အဆင့် အချက် ၄ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

KNU သည် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင်ကာ အစိုးရ အဆက်ဆက်ကို ဆန့်ကျင် တော်လှန်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ခန့် ရှိကာ ယခုနှစ်ဦးပိုင်းတွင် သမတသိန်းစိန်ဦးဆောင်သည့် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပေသည်။

ဆက်စပ်သတင်း

1 COMMENT

  1. ကရင့်တော်လှန်ရေးကိုမဆန့်ကျင်သော အမျိုးသားတန်းတူရေး၊ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် Federal Republic ဖြစ်စေရန် လိုအပ်နေသောမိမိတို့တစ်မျိုးသားလုံးဆုံးရှုံးခဲ့ရသော အခြေခံလူ့အခွင့် အရေးကိုအာမခံပေးနိုင်သည့် ကတိစာချုပ်ချုပ်ဆိုနိုင်လောက်သည့်ဆွေးနွေးပွဲဖြစ်ပါစေဟုသာ…

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts