Homeသတင်းဘုရားသုံးဆူအလုပ်သမားသမဂ္ဂများဖွဲ့စည်း

ဘုရားသုံးဆူအလုပ်သမားသမဂ္ဂများဖွဲ့စည်း

-

မင်းသုတ – ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့တွင် အထည်အလိပ်၊ အဝတ်အထည်နှင့် သားရေအလုပ်သမားများသမဂ္ဂဖွဲ့စည်းသည့် အခမ်းအနားတစ်ရပ် ယနေ့နံနက်(၉) နာရီတွင် ဓမ္မဟေဝန်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

ယင်းအခမ်းအနားသို့ မွန်ပြည်သစ်ပါတီ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ၊ NLD ဘုရားသုံးဆူမြို့နှင့် အလုပ်သမားအရေးပါဝင်တက်ကြွသူ ၅၀ ခန့်တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

“အလုပ်သမား ၃၀ ကိုအခြေခံပြီးစတင်ဖွဲ့စည်းခဲ့တယ်၊ အလုပ်အမှုဆောင်အဖွဲ့ ၅ ဦးကိုရွေးချယ်ပြီးသွားပါပြီ၊ ဖားအံမြို့ကို ကျနော်တို့သွားရဦးမယ်၊ အလုပ်သမားသမဂ္ဂတရားဝင်ဖွဲ့စည်းသွားဖို့ အဆင့်ဆင့်တင်ပြသွားမယ်” ဟု ယနေ့တွင် ဥက္ကဌအဖြစ်ရွေးချယ်ခံရသူ ကိုဝေဖြိုးကြွှယ်က ပြောသည်။

လှို့ဝှက်မဲဖြင့် အလုပ်အမှုဆောင်ကော်မတီဝင်များတွင် ဥက္ကဌကိုဝေဖြိုးကြွယ်၊ အတွင်းရေးမှူးကိုအောင်မြင့်ဦး၊ ဘဏ္႑ာရေးမှူး မသီတာကျော်နှင့် အလုပ်အမှုဆောင်နှစ်ဦးကို လှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ခဲ့သည်။

ယခုဖွင့်လှစ်ခဲ့သော ဘုရားသုံးဆူအလုပ်သမားသမဂ္ဂများ၏ အဓိကရည်ရွယ်ချက်မှာ (၁) မြန်မာနိုင်ငံတွင် လွတ်လပ်သည့်အလုပ်သမားသမဂ္ဂပေါ်ထွန်းနိုင်ရေး၊ (၂) အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ILO နှင့်ချိတ်တွဲပြီး နိုင်ငံတကာစံချိန်မှီအလုပ်သမားအခွင့်အရေးများ ရရှိနိုင်ရေးနှင့် မိမိတို့လိုအပ်သောအလုပ်သမားအခွင့်အရေးများအားတင်ပြသွားနိုင်ရန် (၃) နောင်လာမည့်အလုပ်သမားမျိုးဆက်သစ်များသည် မည်သည့်အခါမှ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးများမဆုံးရှုံးစေရဟူသော ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းတည်တောင်ခြင်းဖြစ်သည်ဟု ယနေ့ဖတ်ကြားသောသဝဏ်လွှာ၌ ဖေါ်ပြပါရှိသည်။

“OT ချိန်မပါ တစ်ပတ်ကို ၅၆ နာရီအပြည့်ဆင်းပေးရတယ်၊ ၁၅ ရက်ထဲမှ တစ်ရက်မှပိတ်ရက်မရှိဘူး၊ ILO က ချမှတ်ခဲ့တဲ့အလုပ်သမားအခွင့်အရေးနဲ့နှိုင်းယှဉ်ရင် တော်တော်နစ်နာပါတယ်၊ ဘုရားသုံးဆူဒေသမှာ တစ်ရက်လုပ်ခ ဘတ်(၉၀) ဝန်းကျင်ပဲရပါတယ်၊ ထိုင်းနိုင်ငံထဲမှာတော့ တစ်နေ့ဘတ် ၃၀၀ အထက်ရှိတယ်” ဟု အလုပ်သမတစ်ဦးဖြစ်သူ ဒေါ်ခင်မျိုးဝင်းက ပြောသည်။

ဘုရားသုံးဆူဒေသ၌ အထည်အလိပ်အဝတ်အထည်ချုပ်စက်ရုံ၊ ဖိနပ်စက်ရုံ ၄၀ ကျော်ရှိပြီး မြန်မာပြည်မှအလုပ်သမား တစ်သောင်းနီးပါးခန့် ထိုင်းနိုင်ငံဖက်သို့နေ့စဉ်သွားရောက်အလုပ်လုပ်နေကြသည်ဟု ကိုဝေဖြိုးကြွယ်က ခန့်မှန်းသည်။


သူက “ လောလောဆယ်ကျနော်တို့သမဂ္ဂက တရားဝင်မဖြစ်သေးဘူး၊ တရားဝင်ဖြစ်ခဲ့ရင် အလုပ်သမားတစ်တောင်လောက် အင်အားစုနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ အသိပညာတွေကျယ်ပြန့်လာတာနဲ့ အသင်းသင်အလုပ်သမား အင်အားပိုများလာမယ်” ဟု ပြောသည်။

ယခု ဖွဲ့စည်းခဲ့သော အထည်အလိပ်၊ အဝတ်အထည်နှင့် သားရေအလုပ်သမားများသမဂ္ဂသည် ဘုရားသုံးဆူဒေသ၌ ပထမဆုံးဖွဲ့စည်းသည့် အလုပ်သမားအဖွဲ့အစည်းဖြစ်သည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်၂၀၁၁ ခုနှစ် အောက်တိုဘာလ ကုန်၌ အလုပ်သမား သမဂ္ဂဆိုင်ရာ ဥပဒေ များကို အတည်ပြု ရေးဆွဲပြီး နောက်ပိုင်း ၂၀၁၂ ခုနှစ် ဧပြီလ တွင် အလုပ်သမား သမဂ္ဂဖွဲ့စည်းခွင့်ပြုလာခဲ့သည်။

ဆက်စပ်သတင်း

2 COMMENTS

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts