spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းအစိုးရနှင့် PNLO ထပ်မံတွေ့ဆုံရန် မသေချာသေး

    အစိုးရနှင့် PNLO ထပ်မံတွေ့ဆုံရန် မသေချာသေး

    -

    မင်းသုတ – ဦးအောင်မင်းခေါင်းဆောင်သော မြန်မာအစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တို့ ထပ်မံတွေ့ဆုံရန် အစိုးရဘက်မှ ရက်သတ်မှတ်ပေးခြင်းမရှိသေးဟု PNLO ကပြောသည်။

    ဝန်ကြီးဦးအောင်မင်းအဖွဲ့နှင့် PNLO ကိုယ်စားလှယ်များအမှတ်တရဓါတ်ပုံ- ၅-၂-၁၂(Photo-Internet)
    ဝန်ကြီးဦးအောင်မင်းအဖွဲ့နှင့် PNLO ကိုယ်စားလှယ်များအမှတ်တရဓါတ်ပုံ- ၅-၂-၁၂(Photo-Internet)

    PNLO ၏ အထွေထွေအတွင်းရေးမှူး ဦးခွန်မြင့်ထွန်းက “ ဒီမေလလယ်မှာ တွေ့ဆုံဆွေးနွေးဖို့ပြောထားကြပေမယ့် ခုထက်ထိမြန်မာအစိုးရဆီက ကျနော်တို့ကို ရက်ချိန်းမပေးသေးဘူး” ပြောသည်။

    ရထားဝန်ကြီး ဦးအောင်မင်း နော်ဝေခရီးစဉ်မှအပြန် ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့တွင် PNLO ခေါင်းဆောင်များနှင့် ထိုင်းနိုင်ငံ၌ တွေ့ဆုံခဲ့စဉ် မေလတွင်ဆွေးနွေးပွဲပြုလုပ်ရန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

    “လောလောဆယ်ငြိမ်းချမ်းရေးဖေါ်ဆောင်မှုနှစ်ဖွဲ့ကို တစ်ဖွဲ့တည်းပေါင်းစည်းဖွဲ့နေတယ်၊ နောက်တစ်ချက်က ဒီလအတောအတွင်းမှာ ဝန်ကြီးဦးအောင်မင်းကလည်း အခြားအဖွဲ့တွေနဲ့ရက်ချိန်းပေးထားတာပြည့်နေတယ်” ဟု ငြိမ်းချမ်းရေးအကျိုးဆောင် ဦးညိုအုန်းမြင့်က ပြောသည်။

    ထိုအတူ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် လည်း တွေ့ဆုံမည်ဟု ဝန်ကြီးဦးအောင်မင်း ပြောဆိုခဲ့သော်လည်း ရက်ချိန်းအတိအကျ မသတ်မှတ်ရသေးဟု ဦးညိုအုန်းမြင့် ထံမှ သိရသည်။

    ယမန်နေ့တွင် ဝန်ကြီးဦးအောင်မင်း ခေါင်းဆောင်သောမြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး CNF တို့ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပြည်ထောင်စုအဆင့်သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်သည်။

    ဝန်ကြီး ဦးအောင်မင်းသည် RCSS/SSA ခေါ် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ကရင်နီတိုးတက်ရေးပါတီ KNPP၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ မွန်ပြည်သစ်ပါတီ NMSP၊ ချင်းအမျိုးသားတပ်ဦး CNF နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်(၆) ဖွဲ့တို့နှင့် အပစ်ခတ်ရပ်စဲရေးအတွက် ပြည်ထောင်စုအဆင့်သဘောတူညီမှုရယူရန် တာဝန်ယူဆောင်ရွက်နေသူ တစ်ဦးဖြစ်သည်။

    အထက်ပါ တိုင်းရင်းသားလက်နက်ကိုင်(၆) ဖွဲ့အနက် (၅) ဖွဲ့နှင့် ပြည်ထောင်စုအဆင့်သဘောတူညီမှုပြုလုပ်နိုင်ခဲ့သော်လည်း အစိုးရနှင့်အပစ်ရပ်စဲရေး ပဏာမလက်မှတ်ရေးထိုးရန် PNLO တစ်ဖွဲ့သာ ကျန်ရှိနေသေးသည်။

    ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းအတွင်း အစိုးရငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းနှင့် PNLO ဥက္ကဋ္ဌ ခွန်ဥက္ကာတို့ ပထမအကြိမ်တွေ့ဆုံခဲ့သည်။

    ထို့နောက် ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် ဥက္ကဌ ခွန်ဥက္ကာခေါင်းဆောင်သော PNLO ကိုယ်စားလှယ်အဖွဲ့နှင့် မီးရထားဝန်ကြီး ဦးဆောင်သော အစိုးရကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ရာ PNLO မှ အချက်(၁၁) ချက်ကိုတင်ပြခဲ့သည်။

    “အဲဒီအချက် ၁၁ ချက်မှာ တချို့အချက်တွေကို ချက်ချင်းသဘောတူအဆုံးဖြတ်မပေးနိုင်တာကြောင့် သမ္မတထံကို တင်ပြရဦးမယ်လို့ ဦးအောင်မင်းတို့က ပြောခဲ့တယ်”ဟု ဦးခွန်မြင့်ထွန်းက ဆက်ပြောသည်။

    ၎င်းတောင်းဆိုချက်များတွင် PNLO နှင့် အစိုးရတို့ကြား အပစ်ခတ်ရပ်စဲရေး ပဏာမသဘောတူညီရန်၊ တစ်ပြည်လုံး အတိုင်းအတာအပစ်ခတ်ရပ်စဲရေးကို ပြည်ထောင်စုအစိုးရက တရားဝင်ကြေညာပေးရန်၊ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲပြီး ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စုအစိုးရနဲ့ နိုင်ငံရေးအင်အားစုများ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန် စသည့်အချက်များပါဝင်ခဲ့သည်။

    PNLO ကို ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ် (ရလလဖ) မှ ခွဲထွက် တည်ထောင်ခဲ့ပြီး ရှမ်းပြည်တောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက် လှုပ်ရှားနေလျက် ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks