Homeသတင်းယခုနှစ်မွန်ပြည်နယ်နေ့အခမ်းအနား ကျင်းပမည့်အစီအစဉ်မရှိ

ယခုနှစ်မွန်ပြည်နယ်နေ့အခမ်းအနား ကျင်းပမည့်အစီအစဉ်မရှိ

-

ခတ္တာနန်း – လာမည့်မတ်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၃၈)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုတင်ပြင်ဆင်မှုများမရှိသည့်အတွက် စည်ကားသောအခမ်းအနားဖြင့် ကျင်းပမည့်အစီအစဉ်မရှိကြောင်း သိရသည်။

ပြည်နယ်လွှတ်တော်အမတ် ဦးအောင်နိုင်ဦးက “ ဒီနှစ်မှာ တခမ်းတနားတော့ လုပ်ဖြစ်မှာမဟုတ်ဘူး၊ ပြည်နယ်အစိုးရရုံးရှေ့မှာရှိတဲ့ပန်းခြံမှာပဲ အနည်းအကျဉ်းတော့ လုပ်ဖြစ်မှာပါ” ဟု ပြောသည်။

မွန်ပြည်နယ်မြေပုံ(Photo-Internet)
မွန်ပြည်နယ်အစိုးရအနေဖြင့် လာမည့်နှစ်တွင် မွန်ပြည်နယ်နေ့ကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် မွန်အမျိုးသားနေ့ကိုလည်းကောင်း အကူအညီပေးသွားမည်ဟု ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်က ပြောဆိုမှာကြားခဲ့ဘူးကြောင်း ဦးအောင်နိုင်ဦးက ဆက်ပြောသည်။

“ကျနော်တို့ မွန်တွေက မွန်အမျိုးသားနေ့ကိုပဲ ဦးနှောက်ထဲမှာ ထည့်ထားကြပြီး နေရာဒေသအနှံ့မှာ လှုပ်ရှားကျင်းပကြတယ်၊ မွန်ပြည်နယ်နေ့ကို အဓိကမထားသလို ဖြစ်နေတယ်၊ ပြည်နယ်နေ့အခမ်းအနားကို အာဏာပိုင်တွေကပဲ ဦးစီးပြီးလုပ်ခဲ့ကြရတယ်၊ အခုအခါ မွန်ပြည်သူတွေရွေးချယ်တဲ့ ပြည်နယ်အစိုးရလည်းပေါ်ပေါက်လာပြီမို့ မွန်ပြည်နယ်နေ့ကို စည်စည်ကားကားနဲ့ ကျင်းပနိုင်အောင်ကြိုးစားရပါမယ်” ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ယခင်မဆလခေတ်မွန်ပြည်နယ်နေ့အခမ်းအနားများကို မွန်ယဉ်ကျေးမှု ဆိုကရေးတီးပြိုင်ပွဲများ၊ ဌာနဆိုင်ရာများမှ ပြခန်းများဖြင့် စည်ကားစွာ ကျင်းပခဲ့သည်။

အာဏာသိမ်း နဝတအစိုးရလက်ထက်၌ မွန်ပြည်သစ်ပါတီနှင့် ယခင်အပစ်ရပ်စဲမှုဆွေးနွေးစဉ် ၁၉၉၅ ခုနှစ်တွင် မော်လမြိုင်မြို့မိုင်ဒါကွင်းနှင့် သံလွင်ဥယျာဉ်တွင်၄င်း၊ အပစ်ရပ်သဘောတူညီမှုရရှိပြီး ၁၉၉၆ ခုနှစ်တွင် စက်စဲကမ်းခြေတွင်၄င်း မွန်ပြည်နယ်နေ့အခမ်းအနား စည်ကားစွာကျင်းပခဲ့သည်ဟု သိရသည်။

“မဆလခေတ် မွန်ပြည်နယ်နေ့က အတော့်ကိုစည်ကားတာ၊ အဆို၊အက၊ အတီးပြိုင်ပွဲ စုံနေတာပဲ၊ မွန်ပြည်နယ် ဆယ်မြို့နယ်စလုံး ဝင်ပြိုင်ရတာ၊ ဒီနောက်ပိုင်းမှာတော့ အစိုးရရုံးတွေမှာပဲ ဆွမ်းကျွေးတဲ့ သဘောလောက် ပြုလုပ်ခဲ့တာရှိတယ်၊ အဆိုအက ပြိုင်ပွဲတွေ မရှိတော့ဘူး” ပြည်နယ်မွန်ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သူ ဆရာနိုင်ထောပိုင်က ပြောသည်။

မွန်ပြည်နယ်သည် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအရပေါ်ပေါက်လာခဲ့ပြီး မဆလခေတ်တွင် မတ်လ(၁၉) ရက်နေ့ရောက်တိုင်း မွန်ပြည်နယ်နေ့အခမ်းအနားများကို စည်ကားစွာကျင်းပခဲ့သည်။

၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံတွင် လက်ရှိမွန်ပြည်နယ်ကို တနင်္သာရီတိုင်း(၁) ဟု သတ်မှတ်ခေါ်တွင်ခဲ့ပြီး လက်ရှိတနင်္သာရီတိုင်းဒေသကြီးကို တနင်္သာရီတိုင်း(၂) ဟု သတ်မှတ်ခေါ်တွင်ခဲ့ကြသည်။

လက်ရှိမွန်ပြည်နယ်တွင် မော်လမြိုင်ခရိုင်(၆) မြို့နယ်၊ သထုံခရိုင်(၄)မြို့နယ် စုစုပေါင်းမြို့နယ်(၁၀) နယ်ပါဝင်လျှက်ရှိရာ မြို့တော်မှာ မော်လမြိုင်မြို့ ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts