Homeသတင်းဦးဇင်းဇော်လတ် ထောင်မှ လွတ်ပြီ

ဦးဇင်းဇော်လတ် ထောင်မှ လွတ်ပြီ

-

ရိုင်မရော့၊ လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ယနေ့လွတ်မြောက်လာသည့် အကျဉ်းသားများတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် မွန်နိုင်ငံရေးအကျဉ်းသား ဦးဇင်းဇော်လတ် ခေါ် အရှင်ဥက္ကံသလည်း လွတ်မြောက်လာသည်။

၂ဝ၁ဝ အထွေထွေရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ် ၁၅ နှစ် ကျခံထားရသည့် ဦးဇင်းဇော်လတ်သည် ပုသိမ်အကျဉ်းထောင်မှ လွတ်မြောက်လာပြီးဖြစ်ကြောင်း ၄င်း၏ အမှုလိုက်ရှေ့နေက IMNA သို့ ပြောသည်။

“ဟုတ်တယ်၊ သူနဲ့အတူ လွတ်လာတဲ့တယောက်ကတော့ အန်တီကို ဖုန်းဆက်လာတယ်၊ ဦးဇင်းဇော်လတ်လည်းပါတယ်၊ အန်တီ့ကိုတော့ မဆက်သွယ်လာသေးဘူး၊ အခုရန်ကုန်ဖက်ကို ထွက်လာနေပြီး” ဟု အမှုလိုက်ရှေ့နေ ဒေါ်ခင်ဌေးကြွယ်က ပြောသည်။

၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ရ ရက်နေ့မှာ အရှင်ဥက္ကံသ(ဦးဇင်းဇော်လတ်)ကို သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက် အတွင်း ရဲများက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ထောင်ဒဏ်(၁၅)နှစ်ကျခံရကာ အင်းစိန်အကျဉ်းထောင်မှတဆင့် ပုသိမ်အကျဉ်းထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်ခဲ့သည်။

မုဒွန်းရွာမှ ဦးဇင်းဇော်လတ်ဆွေးမျိုးတော်သူ တဦးက “ဦးဇင်းက သူ့ညီမဆီကို ဖုန်းဆက်လာတယ်၊ သူလွတ်ပြီးတဲ့၊ ဒီနေ့ညနေ ရန်ကုန်ရောက်မယ်၊ ရွာကလူတွေလည်း ရန်ကုန်တက်ပြီး သွားကြိုကြမယ်”

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းရွာဇာတိ သက်တော် ၂၈ နှစ်ရှိ အရှင်ဥက္ကံသသည် မုဒုံမြို့နယ် နိုင်လှုံကျေးရွာ အောင်ဇေယျ ပရိယတ္တိစာသင်တိုက်တွင် လက်ထောက် စာချဆရာတော်တပါးဖြစ်ခဲ့သည်။

မွန်နိုင်ငံရေးအကျဉ်းသား ဦးဇင်းဇော်လတ်လွတ်မြောက်လာသော်လည်း ထောင်ဒဏ်တစ်သက်ကျခံနေသည့် နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့ လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ်လက်ထက်၌ တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၁၀ ရက်အကြာ အကျဉ်းသား ၆၅၁ ဦးအား ထပ်မံလွှတ်ပေးမည့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မြန်မာ့ရုပ်သံမှ ကြေငြာခဲ့သည်။

နိုင်ငံတော်သမ္မတ၏ ပထမဆုံး လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် ၂၀၁၁ ခုနှစ် မေလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် အမိန့်ကြေညာချက်အရ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့ အပါအဝင် အကျဉ်းသား ၁၄၆၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့သည်။

ဆက်စပ်သတင်း

1 COMMENT

  1. ယခုလို လွတ်လာတာကို သိရတဲ့အတွက် အရမ်းကို ဝမ်းသာပါတယ်။

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts