Homeသတင်းအစိုးရနှင့် အပစ်ခတ်ရပ်စဲရေးဆွေးနွေးမည်ဟု မွန်ပြည်သစ်ပါတီဆုံးဖြတ်

အစိုးရနှင့် အပစ်ခတ်ရပ်စဲရေးဆွေးနွေးမည်ဟု မွန်ပြည်သစ်ပါတီဆုံးဖြတ်

-

မင်းသုတ – လာမည့်ဇန်နဝါရီလနောက်ဆုံးသီတင်းပတ်အတွင်း မြန်မာအစိုးရအဖွဲ့နှင့် အပစ်ခတ်ရပ်စဲရေးတွေ့ဆုံဆွေးနွေးသွားမည်ဟု မွန်ပြည်သစ်ပါတီဗဟိုက ဆုံးဖြတ်လိုက်သည်။

လက်ရှိ မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်များ
လက်ရှိ မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်များ
ဇန်နဝါရီလ (၂၅) ရက်နေ့မှ (၃၁) ရက်နေ့အတွင်း မော်လမြိုင်မြို့၌ တွေ့ဆုံဆွေးနွေးသွားရန် မွန်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့မှတဆင့် သက်ဆိုင်ရာမြန်မာအစိုးရအရာရှိထံ အကြောင်းကြားခဲ့သည်ဟု မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်တဦးထံမှ သိရသည်။

“မွန်ပြည်သစ်ပါတီရဲ့အကြောင်းကြားချက်ကို ဝန်ကြီးချုပ်ထံတင်ပြထားပါပြီ၊ ဦးအောင်မင်းတို့အဖွဲ့လည်း လောလောဆယ်မအားမလပ်ဖြစ်နေတယ်၊ ကေအဲန်ယူနဲ့ သူတို့တွေ့ဆုံပြီးရင် ကရင်နီနဲ့လည်း ဆက်ပြီးတွေ့ဆုံဆွေးနွေးဖို့ရှိသေးတယ်၊ မွန်ပြည်သစ်နဲ့ ဘယ်နေ့တွေ့ဆုံကြမှာကို ရက်အတိအကျမရသေးဘူး” ဟု မွန်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဝင်တဦးဖြစ်သူ နိုင်စိုးမြင့်က ပြောသည်။

ယမန်နေ့တွင် သက်ဆိုင်ရာမြန်မာအစိုးရအဖွဲ့ဝင်နှင့် ကေအဲန်ယူထိပ်ပိုင်းကိုယ်စားလှယ်များ ကရင်ပြည်နယ်၊ ဖားအံမြို့၌ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။

ထို့နောက် ယခုလ ၂၀ ရက်နေ့တွင် မြန်မာအစိုးရကိုယ်စားလှယ်နှင့် ကရင်နီတိုးတက်ရေးပါတီ KNPP တို့ ပြည်တွင်း၌ တွေ့ဆုံကြမည်ဟုလည်း နိုင်စိုးမြင့်က ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသည့် “ဝ”UWSA၊ မိုင်းလား NDAA၊ သျှမ်းပြည်တပ်မတော် RCSS/SSA၊ တိုးတက်သောကရင်ဗုဒ္ဓဘာသာအစည်းအရုံး DKBA၊ ချင်းအမျိုးသားတပ်ဦး CNF အဖွဲ့များနှင့် မြန်မာအစိုးရတို့ အပစ်ရပ်လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။

လက်ရှိတွင် တိုင်းရင်းသားဒေသအသီးသီး၌ သေနတ်သံများတိတ်ဆိတ်နေသော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေတွင် မြန်မာအစိုးရတပ်ဖွဲ့များစစ်ဆင်နေသဖြင့် တိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေသည်။

“တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့ရှိတယ်၊ အပေါ်ဖက်က ၅ ဖွဲ့ ကချင် KIO တစ်ဖွဲ့ကျန်သေးတယ်၊ ကျနော်က ၆ ဖွဲ့ကိုတာဝန်ယူရတယ်၊ အဲဒီအဖွဲ့တွေက SURA ရွက်ဆစ်တို့(RCSS/SSA)အဖွဲ့၊ KNPP, KNU, မွန်၊ ချင်း၊ ပအိုဝ်အဖွဲ့တို့ဖြစ်ပါတယ်” ဟု မွန်ပြည်သစ်ပါတီနှင့်ပဏာမတွေ့ဆုံခဲ့မှု၌ ဝန်ကြီးဦးအောင်မင်းက ရှင်းပြခဲ့သည်။

မြန်မာအစိုးရမီးရထားဝန်ကြီးဦးအောင်မင်းဦးဆောင်သော မြန်မာအစိုးရပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့နှင့် နိုင်ဟံသာခေါင်းဆောင်သည့်မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အဖွဲ့တို့ ပြီးခဲ့သည့်ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ပထမအကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်သည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် နဝတစစ်အစိုးရနှင့် ပထမအကြိမ်အပစ်အခတ်ရပ်စဲမှုသဘောတူခဲ့ကြပြီး ယမန်နှစ်တွင် သဘောတူညီမှုပျက်ပြယ်ခဲ့သော်လည်း နှစ်ဖက်တပ်ဖွဲ့အကြား ပစ်ခတ်မှုများမရှိပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts