Homeသတင်း၄၀၀ မီဂါဝပ်ထားဝယ်ကျောက်မီးသွေးလျှပ်စစ်စက်ရုံကို သံသယဖြင့်စောင့်ကြည့်သွားမည်

၄၀၀ မီဂါဝပ်ထားဝယ်ကျောက်မီးသွေးလျှပ်စစ်စက်ရုံကို သံသယဖြင့်စောင့်ကြည့်သွားမည်

-

မိလယီထော – ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် မြန်မာအစိုးရမှ ၄၀၀ မီဂါဝပ်ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်ခွင့်လျှော့ချလိုက်သည့်အပေါ် ထိုင်းနိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးအဖွဲ့တစ်ဖွဲ့က သံသယဖြင့်စောင့်ကြည့်သွားမည်ဟု သိရသည်။

“မီဂါဝပ် ၄၀၀ လောက်နဲ့ပဲစီမံကိန်းအကောင်အထည်ဖေါ်သွားဖို့က မဖြစ်နိုင်ပါဘူး၊ ၄၀၀ မီဂါဝပ်ပဲထုတ်လုပ်ခွင့်ရမယ်ဆိုရင် ဘဏ်တွေကလည်း ငွေထုတ်ချေးပေးမှာမဟုတ်တော့ဘူး” ဟု ၄င်းသဘာဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ကြီးကြပ်ကွပ်ကဲရေးမှူး နိုင်မွန်တရ႘ ကျာန်ထဝေါင်က လွပ်လပ်သောမွန်သတင်းဌာနသို့ပြောသည်။

အီတာလျံထိုင်းကုမ္ပဏီ၏ ကနဦးစီမံကိန်း၌ ၄၀၀၀ လေးထောင်မီဂါဝပ်ထုတ်လုပ်နိုင်မည့် ကျောက်မီးသွေးလျှပ်စစ်စက်ရုံစီမံကိန်းတွင် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ၄၀၀ မီဂါဝပ်ကိုအသုံးမည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ ၃၆၀၀ မီဂါဝပ် ရောင်းချတင်ပို့ရန်လျာထားခဲ့သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း၏ စီမံကိန်းမျိုးစုံအတွက် လုပ်ကိုင်ခွင့်ရ အီတာလျံ၊ ထိုင်းကုမ္ပဏီသည် ဂျပန်နိုင်ငံ၏ နိုင်ငံတကာပူးပေါင်းလုပ်ဆောင်ရေးဘဏ်မှ ချေးငွေအမေရိကန်ဒေါ်လာ (၁၂) ဘီလျံခွဲ သဘောတူညီမှု ရရှိခဲ့သည်။

“ဒီစီမံကိန်းအလွန်ကြီးမားပြီး သဘာဝဝန်းကျင်ပျက်စီးမှုကိစ္စတွေကြောင့် ရိုက်ခတ်မှုတွေကလည်းများလာတယ်၊ NGO တွေ၊ သဘာဝဝန်းကျင်အဖွဲ့တွေ၊ ဒေသခံတွေကလည်း ဆန့်ကျင်လှုပ်ရှားမှုတွေလုပ်လာတဲ့အပေါ် အာရုံလွှဲနိုင်ဖို့ မြန်မာအစိုးရအနေနဲ့ အခုလိုသတင်းထုတ်ပြန်လိုက်တာဖြစ်တယ်” ဟု နိုင်မွန်ထရီက ဆက်ပြောသည်။

၄၀၀၀ မီဂါဝပ်ထုတ်လုပ်နိုင်သော ကျောက်မီးသွေးလျှပ်စစ်စက်ရုံကြောင့် သဘာဝဝန်းကျင်များဆိုးဝါးစွာပျက်စီးနိုင်သည်။ အထူးသဖြင့် ပင်လယ်ငါးများမျိုးသုဉ်းပျက်စီးခြင်း၊ အက်စစ်မိုးများရွာသွန်းမှုများဖြစ်ပေါ်ပြီး အပင်များပျက်စီးခြင်း၊ ဒေသနှင့်အနီးတဝိုက်ရှိလူများ ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းမြင့်မားလာခြင်းနှင့် အခြားသောဘေးထွက်ဆိုးကျိုးများစွာဖြစ်ပေါ်မည်ဟု သဘာဝဝန်းကျင်ကျွမ်းကျင်သူများ ထောက်ပြကြသည်။

“ ဒီလိုစက်မှုဇုံတည်ဆောက်ခဲ့လို့ ထိုင်းနိုင်ငံ ရယောင်းဒေသမှာ ရောဂါဖြစ်ပွားနှုန်းဟာ တခြားနေရာတွေနဲ့နှိုင်းယှဉ်ရင် အရမ်းကိုမြင့်တဲ့နေရာတစ်ခုပါ။ ခြုံပြောရရင် ဒီနေရာဟာ နေထိုင်ဖို့ အရမ်းကိုအန္တရာယ်များတဲ့ နေရာတစ်ခုပါ၊ တကယ်တော့ ကင်ဆာသာမက ဓာတုညစ်ညမ်းမှုတွေကြောင့် အာရုံကြောစနစ်ကို ပျက်စီးစေနိုင်တဲ့ တခြားရောဂါတွေလည်းဖြစ်နိုင်ခြေ အရမ်းမြင့်ပါတယ်။ တခြားအရေးကြီးတဲ့ ပြဿနာက မူမမှန်တဲ့ကလေးမွေးဖွားမှုပါ။ ကလေးတွေက အရေးကြီးတဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေမပါဘဲ မွေးလာနိုင်ပါတယ်”ဟု ဘန်ကောက် စိုက်ပျိုးရေးတက္ကသိုလ်မှ ဒေါက်တာ Dechrat ၏ ပြောဆိုချက်ကို Asia Calling သတင်း အင်တာနက် စာမျက်နှာတွင် ဖော်ပြခဲ့သည်

“အီတာလျံထိုင်း ကုမ္ပဏီရဲ့အဓိကရည်မှန်းချက်က ထိုင်းနိုင်ငံကို မီဂါဝပ် ၃၆၀၀ ရှိတဲ့လျှပ်စစ်ဓါတ်အား ရောင်းချဖို့ပဲ၊ ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးကတော့ ဒီစီမံကိန်းတွေမှာ အများစိတ်ဝင်စား လာအောင် လုပ်ပြပေးတဲ့စီမံကိန်းပါ၊ ရှင်းရှင်းပြောရင် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းကတစ်ခု၊ လျှပ်စစ်ဓါတ်အားရောင်းစားတာကတစ်ခုပါ ” ဟု ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်သောဆွေးနွေးပွဲတစ်ရပ် ထိုင်းနိုင်ငံ၊ စံခလပူရီမြို့၌ပြုလုပ်ခဲ့စဉ် Spririt in Education Movment အဖွဲ့မှ Ratawit Ouaprachanon ပြောကြားခဲ့သည်။

ထိုင်းအီတာလျံကုမ္ပဏီသည် ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နိုင်ငံများတွင် ကျောက်မီးသွေးတူးဖေါ်ခြင်း၊ ရေအားလျှပ်စစ်စက်ရုံ၊ ကျောက်မီးသွေးလျှပ်စစ်စက်ရုံတည်ဆောက်ခြင်း စသည့်လုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts