Homeသတင်းပင ဆားစျေးနှုန်းကျသဖြင့် ဆားလုပ်ငန်းရှင်များအရှုံးပေါ်

ပင ဆားစျေးနှုန်းကျသဖြင့် ဆားလုပ်ငန်းရှင်များအရှုံးပေါ်

-

ကျလွန်းထော၊ လွတ်လပ်သော မွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပငကျေးရွာတွင် အိမ်သုံးဆား ထွက်ချိန်၌ ကုန်သည်များ အဝယ်မလိုက်ပဲ ဆားစျေးနှုန်းကျဆင်းကာ ဆားလုပ်ငန်းရှင်များ အရှုံးပေါ်နေကြာင်း သိရသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငဆားကွင်းမှ အလုပ်သမတဦး ဒလိမ့်လှိမ့်နေစဉ် (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စ႘)
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငဆားကွင်းမှ အလုပ်သမတဦး ဒလိမ့်လှိမ့်နေစဉ် (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

ဆားအသစ်ထုတ်လုပ်ချိန် ယခုလ အစောပိုင်းမှစ၍ ကုန်သည်များ လာရောက်ဝယ်ယူခြင်း မရှိသဖြင့် ဆားလုပ်ငန်းရှင်များအားလုံးနီးပါး အရှုံးပေါ်နေကြသည်ဟု ဆားဖို ဧက (၃၀)လုပ်ကိုင်နေသည့် ပငရွာခံ ဆားလုပ်ငန်းရှင် နိုင်တင်အောင်က ပြောသည်။

၎င်းက “ဆားစျေးက တစ်ပိဿ ၆၅ ကျပ်ပဲ ရှိတယ်၊ မနှစ်က ဒီအချိန် တစ်ပိဿ ၈၀ ကျပ်နှင့် ၉၀ ကျပ် လောက်ရတယ်၊ ဆားကုန်သည်တွေကလည်း ဆားမဝယ်ဘူး၊ သူတို့ ဝယ်ပြန်တော့လည်း စျေးနှုန်းနည်းနည်းနဲ့ပဲ ဝယ်တယ်” ဟု ပြောသည်။

ပငကျေးရွာမှ ဆားများကို ဆားကုန်သည်များက ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသတို့ တင်ပို့ ရောင်းချကြသည်။

ပြီးခဲ့သည့် (၂၀၁၀ ခုနှစ်) ဒီဇင်ဘာလ ဆားထွက်ချိန်တွင် မွန်ပြည်နယ်၌ မိုးရွာသွန်းမှုကြောင့် ဆားလုပ်ကွက် အမြောက်အများ ပျက်စီးသွားခဲ့သည်။

နိုင်တင်အောင်က “မနှစ်က သိန်း ၉၀ လောက် ကျနော် ရှုံးသွားတယ်၊ မိုးတိတ်သွားတဲ့အချိန် နေပြန်လှန်း လိုက်တာ အရင်းနည်းနည်း ပြန်ကာမိသွားတယ်၊ ဒီနှစ်ဆားထွက်ချိန်ကျတော့လဲ ဝယ်တဲ့သူမရှိသေးဘူး ဆိုတော့ ဒီအတိုင်းပဲ လှောင်ထားရတယ်” ဟု ပြောသည်။

ထို့ပြင် ဆားထုတ်လုပ်ရန်အတွက် အလုပ်သမားငှားရမ်းခ၊ ဆားကွင်းထဲသို့ ပင်လယ်ဆားငံရည်များကို စက်ဖြင့်စုပ်သွင်းရန်အတွက် ကုန်ကျသည့် ဒီဇယ်ခများကို မကာမိကြောင်းပြောသည်။

မွန်ပြည်နယ်တွင် ဆားလုပ်ငန်းကို သံဖြူဇရပ်မြို့နယ် ငပကျေးရွာတွင် အဓိက လုပ်ကိုင်နေပြီး ကရုပ္ပိကျေးရွာ၊ ကျိုက္ခမီမြို့နှင့် စက်စဲကမ်းခြေတို့အပြင် ပေါင်မြို့နယ်ရှိ ထန်းပင်ချောင်း ကျေးရွာ၊ ရေးမြို့နယ်ရှိ ပလိုင်ကီးကျေးရွာတို့တွင်လည်း ဆားအများအပြား ထုတ်လုပ်နေသည်။

ပငကျေးရွာတွင် အစိုးရပိုင် ဆားလုပ်ငန်းများနှင့် ပုဂ္ဂလိကပိုင် ဆားဖို (၄၀) အပါအဝင် စုစုပေါင်း ဆားကွင်းဧက ၁,၀၀၀ ကျော်ရှိပြီး မွန်ပြည်နယ်တွင် ဆားအများဆုံး ထုတ်သည့်နေရာ ဖြစ်သည်။

အိမ်သုံး နေလှန်းဆားကို နှစ်စဉ် စက်တင်ဘာလမှစ၍ ဆားကွင်းပြင်ခြင်း၊ တမံတုတ်ခြင်း၊ ကန်သင်းရိုးရိုက်ခြင်း၊ ဂျုတ်ဆွဲခြင်း၊ ဒလိမ့်လှိမ့်ခြင်း၊ ရေငန်သွင်းခြင်း စသည်တို့ကို တဆင့်ပြီး တဆင့် ပြင်ဆင်ပြုလုပ်ရသည်။ ထို့နောက် ဒီဇင်ဘာလမှစပြီး မေလအထိ ဆားထုတ်လုပ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts