spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းမွန်ကိုယ်စားပြု နိုင်ငံရေးပါတီတစ်ခုတည်းသာရှိသင့်ဟု AMDP ကြေညာချက်ထုတ်

    မွန်ကိုယ်စားပြု နိုင်ငံရေးပါတီတစ်ခုတည်းသာရှိသင့်ဟု AMDP ကြေညာချက်ထုတ်

    -

    မင်းသုတ– အနာဂတ်တွင် မွန်အမျိုးသားတို့ကို ကိုယ်စားပြုသော နိုင်ငံရေးပါတီတစ်ခုတည်းသာ ရှိသင့်သည်ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ All Mon Region Democracy Party (AMDP) (ဗဟို) က သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏သဘောထားကြေညာချက်(၂/၂၀၁၁) (Photo- AMDP)
    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏သဘောထားကြေညာချက်(၂/၂၀၁၁) (Photo- AMDP)

    “အဓိကကျနော်တို့လိုလားတာက ကျနော်တို့မွန်တိုင်းရင်းသားတွေအနေနဲ့ တရားဝင်နိုင်ငံရေးတရပ်ပဲရှိသင့်တယ်” ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်း(ခေါ်) နိုင်ဂျနူမွန်က လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ၄င်းကြေညာချက်နိဒါန်းတွင် ၂၀၀၉ ခုနှစ်၊ ဇွန်လ(၂၉)ရက်နေ့ မွန်ပြည်သစ်ပါတီအထိမ်းအမှတ် ဆွမ်းကျွေးအပြီး “၂၀၁၀ ရွေးကောက်ပွဲ” တွင် မွန်အမျိုးသားတို့ကို ကိုယ်စားပြုသောနိုင်ငံရေးပါတီတစ်ခုတည်းသာ ရှိသင့်ကြောင်း သဘောတူဆုံးဖြတ်ချက်ချမှတ်ပြီး အကြိုလုပ်ငန်များအကောင်အထည်ဖေါ်ရန် (၁၅) ဦးပါ ကော်မတီဖွဲ့စည်းခဲ့သည်ဟု ရေးသားထားသည်။

    ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကရွေးကောက်ပွဲကို သပိတ်မှောက်လိုက်သည့်အတွက် (၁၅) ဦးကော်မတီတွင်ပါဝင်ခဲ့သည့် ယခင်မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်အများစုသည် (၃၀-၃-၂၀၁၀) ရက်နေ့တွင် ရွေးကောက်ပွဲကိုသပိတ်မှောက်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

    “၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့သပိတ်မှောက်ခဲ့တာ NLD တိုက်တွန်းချက်ကြောင့်မဟုတ်ဘူး၊ UNA အစရှိတဲ့ကျနော်တို့မဟာမိတ်တိုင်းရင်းသားပါတီတွေရဲ့ ဆုံးဖြတ်ချက်နဲ့ပါ၊ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ တိုးတက်မှုတွေကိုသုံးသပ်ပြီး အခုလည်း ပါတီပြန်လည်မှတ်ပုံတင်ဖို့၊ ကြားဖြတ်ရွေးကောက်ပွဲဝင်၊ မဝင်ဆိုတာကို ကျနော်တို့မဟာမိတ်ပါတီတွေနဲ့ ဆွေးနွေးနေတယ်” ဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ Mon National Democracy Front (MNDF) ဥက္ကဌ နိုင်ငွေသိမ်းက ပြောသည်။

    ၄င်း (၁၅) ဦးကော်မတီတွင် ထိုစဉ်က ယခင် (MNDF) ဥက္ကဋ္ဌ နိုင်ထွန်းသိန်းနှင့် ဒု-ဥက္ကဋ္ဌ နိုင်ငွေသိမ်း မွန်ပြည်သစ်ပါတီမှ အနားယူထားကြသော နိုင်တင်အောင် (ဗဟိုအလုပ်မှုဆောင်ဟောင်း-လက်ရှိ MNDF ဒုဥက္ကဌ-၂)၊ နိုင်မြင့်ဆွေ(ခေါ်)နိုင်လဝီအောင် (NMSPဗဟိုကော်မတီဝင်ဟောင်း-လက်ရှိမွန်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး)၊ ဒေါက်တာ ဗညားအောင်မိုး(လက်ရှိ-အမျိုးသားလွှတ်တော်အမတ်)၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမတ်များဖြစ်ကြသောMNDF အထွေထွေအတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်း၊ အတွင်းရေးမှုး ဒေါက်တာမင်းကြည်ဝင်းနှင့် အငြိမ်းစားပြည်နယ်ကျန်းမာရေးမှူးဟောင်း ဒေါက်တာ မင်းနွယ်စိုး(လက်ရှိမွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး)တို့လည်း ပါဝင်ခဲ့ကြသည်။

    ထို့နောက် အငြိမ်းစားပညာရေးဝန်ထမ်း နိုင်ငွေသိန်း(ခေါ်) နိုင်ဂျနူမွန်၊ ဒေါက်တာ မင်းနွယ်စိုး၊ နိုင်မြင့်ဆွေ၊ ဒေါက်တာ ဗညားအောင်မိုးတို့က ရွေးကောက်ပွဲဝင်ရန်ဆက်လက်လှုပ်ရှားခဲ့ရာ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

    မြန်မာအစိုးရသည် ပြီးခဲ့သည် နိုဝင်ဘာလပထမအပတ်၌နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအချို့ကိုပြင်ဆင်ခဲ့သောကြောင့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့က ပါတီမှတ်ပုံတင်မတင်ကိစ္စကို ပြန်လည်သုံးသပ်ခဲ့ကြသည်။

    တဖန် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရခဲ့သော မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDFနှင့် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် အသစ်ဖွဲ့စည်းလိုက်သည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP တို့ ပူးပေါင်းနိုင်ရေးအတွက်နှစ်ဖက်ပါတီခေါင်းဆောင်များ အလွတ်သဘောတွေ့ဆုံညှိနှိုင်းနေသည်ဟုလည်း နိုင်ဂျနူမွန်က ပြောကြားခဲ့သည်။

    ထို့အတူ မွန်ပြည်သစ်ပါတီဥက္ကဌနိုင်ထောမွန်က “ရွေးကောက်ပွဲဝင်မယ့်မွန်ပါတီက တစ်ပါတီပဲရှိသင့်တယ်၊ အဲဒီလိုဖြစ်မြောက်အောင်လည်း သက်ဆိုင်တဲ့ခေါင်းဆောင်တွေ ညှိနှိုင်းပြီး အဖြေရှာနိုင်လိမ့်မယ်လို့ယုံကြည်တယ်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီနှင့် တွေ့ဆုံမေးမြန်းချက်တစ်ရပ်တွင် ထည့်သွင်းပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks